မန္တလေးတိုင်းအတွင်း COVID – 19 ကူးစက်ရောဂါ ဖြစ်ပွားချိန်ကာလ၌ တရားမဝင်သစ် တန် ၁၄ဝဝကျော် ဖမ်းဆီးရမိ

မန္တလေးတိုင်းအတွင်း COVID – 19 ကူးစက်ရောဂါ ဖြစ်ပွားချိန်ကာလ၌ တရားမဝင်သစ် တန် ၁၄ဝဝကျော် ဖမ်းဆီးရမိ
ဖမ်းဆီးရမိသော သစ်များကို တာဝန်ရှိသူများ စစ်ဆေးနေစဉ်
ဖမ်းဆီးရမိသော သစ်များကို တာဝန်ရှိသူများ စစ်ဆေးနေစဉ်
Published 26 May 2020
မင်းလတ်

မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ မေလ ၂၁ ရက်အထိ တရားမဝင်သစ် ကျွန်းသစ် ၂၅၃ ဒသမ ၉၇ တန်၊ သစ်မာတန်က ၂၁၅ ဒသမ ၉၂ တန်နှင့် အခြားသစ်တန် ၉၈၈ ဒသမ ၈၇ တန် စုစုပေါင်း တရားမဝင်သစ်တန် (၁၄၅၈ ဒသမ ၇၇ ) တန်ကျော်  ဖမ်းဆီးရမိခဲ့ကြောင်း၊ တရားမဝင် သစ်လုပ်နေသည့်သူများကို ပိုမိုထိရောက်သည့် ဥပဒေဖြင့် အရေးယူရန်နှင့် တခြားဌာနဆိုင်ရာများက ပိုမိုပူးပေါင်းဆောင်ရွက်ပါက မတရားမဝင်သစ်ထုတ်လုပ်မှု ကျဆင်းနိုင်မည်ဟု မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က ပြောကြားသည်။

“သစ်ဖမ်းမိမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ပြည်သူအခြေပြုသတင်ပေးပို့တဲ့ စနစ်နဲ့ ဆောင်ရွက်နေတာ အောင်မြင်မှုရနေပါတယ်။ ပြည်သူတွေ သတင်းပေးပို့က အလွန်အရေးကြီးပါတယ်။နောက်တစ်ခုက ကျွန်တော်အမြင်ပါ တရားဥပဒေ စိုးမိုးရေးပေါ့။ တရားမဝင် သစ်တွေနဲ့ပတ်သက်ပြီး စီးပွားရေး မိမိကိုယ်ကျိုးအတွက် လောဘနဲ့လုပ်တဲ့သစ်နဲ့ ပတ်သက်ပြီး လုပ်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူတာမျိုးလုပ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး တရားမဝင်သစ်တွေ ခိုးထုတ်ဖို့အတွက် လွှာစက်တွေ လိုင်စင်မဲ့ကားတွေ ဆိုင်ကယ်တွေကို သက်ဆိုင်ရာဌာနတွေက ထိထိရောက်ရောက် လုပ်ပေးမှသာလျှင် တရားမဝင် သစ်ပပျောက်ရေးအတွက် အများကြီး အထောက်အကူ ဖြစ်မှာပါ။ ဒါက ကျွန်တော်တို့ သစ်တောဌာနတစ်ခုတည်း လုပ်နေလို့လည်း မရပါဘူး။ တခြားဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ပါတယ်။ လွှစက်၊ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်တွေ ထိန်းချုပ်နိုင်မယ်ဆို တရားမဝင်သစ်ခိုးထုတ်မှု အများကြီးကျဆင်းသွားမှာပါ” လို့ မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က ပြောကြားသည်။

အဆိုပါ တရားမဝင်သစ်များ ဖမ်းဆီးရာတွင် သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ အဖွဲ့စုံ ပူးပေါင်းပြီး ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးရမိမှု အကြိမ်အရေအတွက် အနေဖြင့် ၄၂၁ ကြိမ်ရှိပြီး ယာဉ်မျိုးစုံ ၆၆ စီးနှင့် တရားခံဦးရေအနေဖြင့် ၁၂၀ ဦးတို့ကို အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းသို့  စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ တရားမဝင်သစ်များ အများဆုံး ဝင်ရောက်ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းမှ အဖိုးတန် ကျွန်းသစ်၊ တမလန်း၊ ပျဉ်းကတိုး စသည့်သစ်များ ခိုးထုတ်မှုသိပ်မရှိကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

“ကျွန်တော်တို့က မန္တလေးတိုင်းမှာ ကိုဗစ်ကာလဆိုပြီး ထူးထူးခြားခြား ဖမ်းဆီးနေတာ မဟုတ်ဘူး။ ယခုလို ပွင့်လင်းရာသီမှာ မန္တလေးတိုင်းအတွင်း ဝင်လာတဲ့ သစ်တွေက ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဘက်က ဝင်တာများတယ်။ ဝင်တဲ့လမ်းကြောင်းတွေက ဆည်တော်ကြီးဘက်က လာတယ်၊ တကောင်း သပိတ်ကျင်းဘက်က ကားလမ်းက လာတယ် နောက်တစ်ခါ ရပ်စောက်နယ်နဲ့ ဆက်စပ်နေတဲ့ ကျောက်ဆည် ရဲရွာဘက်က လမ်းကြောင်းက ညလာတယ်။ ရမည်းသင်းဘက်ဆို ရှမ်းပြည်နယ်နဲ့ ဆက်စပ်တဲ့နေရာတွေက လာတယ်။ အဓိက လမ်းကြောင်းတွေကနေ သစ် ဖမ်းဆီးရမိတယ်။ နှစ်စဉ်နှစ်တိုင်း ဒီလိုအချိန် တရားမဝင်သစ်လုပ်တဲ့ သူတွေက မိုးတွင်းမှာ ညလူသူအရောက်အပေါက်နည်းတဲ့ နေရာတွေမှာ သစ်ခိုးခုတ်ကြပြီး ပွင့်လင်းရာသီ လမ်းကောင်းပြီးဆိုမှ ရေကြောင်း ကုန်းကြောင်းတွေကတစ်ဆင့်  အဆင့်ဆင့်သယ်ယူကြပြီး သစ်ခိုးထုတ်ကြတယ်။ စစ်ကိုင်းတိုင်းဆိုလည်း ရေကြောင်းကများတယ်။ ပြီးမှကားနဲ့တစ်ဆင့် ခိုးထုတ်ကြတယ်။ အဓိကဖမ်းဆီးရမိတာက ကျောက်ဆည်ဘက်က လမ်းကြောင်းနဲ့ ရမည်းသင်းဘက်က လမ်းကြောင်းက အများဆုံးမိတယ်။ မိုးကုတ်မတ္တရာလမ်းကြောင်း မိတော့မိတယ်။ တခြားလမ်းကြောင်းတွေလောက် မများဘူးလို့ မန္တလေးတိုင်းအနေနဲ့က အဖိုးတန်သစ်တွေ ခိုးထုတ်မှုက အရမ်းနည်းပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈ -၂၀၁၉ခုနှစ် ဘဏ္ဍာနှစ်အထိ တရားမဝင်သစ် ဖမ်းဆီးရမိမှုသည် စုစုပေါင်းတန် ၈၄၁၇ ဒသမ ၆၂၇ တန် ဖမ်းဆီးရမိခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံးက သိရသည်။                                      

Most Read

Most Recent