ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ကာလအား ၂၀၂၀ ပြည့်နှစ် မေ ၁၅ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သတင်းရရှိသည်။
မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ မှစတင်ပြီး ယာယီရပ်ဆိုင်း ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာယီရပ်ဆိုင်းချက်အား ပြန်လည်သုံးသပ်ပြီးနောက် ကူးစက်မြန် COVID-19 ရောဂါ မြန်မာနိုင်ငံတွင်း ကူးစက်ပြန့်ပွားမှု အစောပိုင်းအဆင့်ကို ပိုမိုထိရောက်သော ပြင်ဆင်မှုများ၊ တုံ့ပြန်ကာကွယ်ရေး လုပ်ငန်းစဉ်များဖြင့် ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အချိန်ပိုမို ရရှိစေရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အဆိုပါ ယာယီရပ်ဆိုင်းချက်အား ၂၀၂၀ ပြည့်နှစ် မေ ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် ပြီးခဲ့သည့် မတ် ၂၉ ရက်နေ့စွဲဖြင့် အဆိုပါ ကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ လေကြောင်း ခရီးသွားမှတစ်ဆင့် COVID-19 ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန် မြန်မာနိုင်ငံရှိ မည်သည့်လေဆိပ်များမှမဆို နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များ ဆင်းသက်ခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက် ညသန်းခေါင်မှ စတင်ကာ ခွင့်ပြုတော့မည် မဟုတ်ကြောင်းနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ယခင်ခွင့်ပြုထားသော နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်ဆင်းသက်ခွင့်အား ဆိုင်းငံ့လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
သို့ရာတွင် ကယ်ဆယ်ရေး လေယာဉ်များ၊ ကုန်တင်လေယာဉ်များ၊ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး လေယာဉ်များ၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အထူးခွင့်ပြုချက်ဖြင့် ဆင်းသက်သော လေယာဉ်များကို မူဆင်းသက်ခွင့် ဆိုင်းငံ့ခြင်းတွင် ပါဝင်ခြင်းမရှိဘဲ ဆင်းသက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေယာဉ်များ အနေဖြင့် ညအိပ်ရပ်နားမှုများရှိပါက လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လေယာဉ် အမှုထမ်းများ အားကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ အတိုင်း ထိန်းသိမ်းမှုကို ခံယူရမည်ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆင်းသက်ခွင့်အား ခေတ္တဆိုင်းငံ့ထားရန် ထုတ်ပြန်ထားပြီး ကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာ၊ ကုန်စည်လေယာဉ်များသာ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက် ထွက်ခွာလျက်ရှိသည်။
မြန်မာနိုင်ငံတွင်း ရောက်ရှိနေသော နိုင်ငံခြားသားများ မိမိနေရပ်သို့ ပို့ဆောင်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာနိုင်ငံ၏ သံရုံးနှင့် လေကြောင်းလိုင်းများမှ ပျံသန်းပို့ ဆောင်ခွင့်၊ ခွင့်ပြုချက်ကို တောင်းခံလျက်ရှိရာ အဆိုပါ တောင်းဆိုမှုများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး ဦးဆောင်၍ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများက ပျံသန်းပို့ဆောင်ရန် စီစစ်၍ ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာနှင့် ကုန်စည်သီးသန့် လေယာဉ်များ အနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်မှ ဧပြီ ၈ ရက်အထိ ခရီးသည်ဦးရေ စုစုပေါင်း ၃၃၅၅ ဦးနှင့် ကုန်စည်တန် စုစုပေါင်း ၁၉၄ တန်တို့အား သယ်ယူပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရသည်။















