မီဒီယာ၏ အခန်းကဏ္ဍနှင့် အဂတိလိုက်စားမှုများ

မီဒီယာ၏ အခန်းကဏ္ဍနှင့် အဂတိလိုက်စားမှုများ
Published 15 February 2020

နိုင်ငံပေါင်းများစွာတို့တွင် အဂတိလိုက်စားမှုများကို ဖော်ထုတ်ပြရန်၊ အုပ်ချုပ်ရေးနှင့် လူ့အခွင့်အရေး အနေအထားများကို ကောင်းမွန်အောင်မြှင့်တင်ရန်နှင့် ပြည်သူလူထုနှင့်ဆိုင်သော အရေးကိစ္စများကို စီမံခန့်ခွဲရာ၌ ပွင့်လင်းမြင်သာမှုရှိရေးနှင့် တာဝန်ယူမှုရှိရေး သေချာစေရန် ကြိုးပမ်းကြသော ဂျာနယ်လစ်များသည် ခြိမ်းခြောက်ခံရခြင်း၊ နှောင့်ယှက်ခံရခြင်းနှင့် အသတ်ခံရခြင်းတို့ပင် ရှိနေသည်။

ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ရပ်၌လည်းကောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာ၌လည်းကောင်း လွတ်လပ်သောမီဒီယာတစ်ခု၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည်။ ပုံသဏ္ဌာန်အမျိုးမျိုးရှိသော မီဒီယာများသည် လူထုကို အဂတိလိုက်စားမှုအား တုံ့ပြန်ရန် အသံထွက်ဖော်ပြခွင့်ပေးခြင်းအပြင် ရရှိနိုင်သည့် တိုင်ကြားမှုလုပ်ငန်းစဉ်များကို လူထုအား အသိပေးခြင်းနှင့် မည်သို့မည်ပုံထိရောက်စွာ အသုံးပြုနိုင်သည်ကို ပြသပေးခြင်းအားဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၌ မရှိမဖြစ် အခန်းကဏ္ဍ၌ ပါဝင်သည်။

အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် မီဒီယာများသည် အရေးကြီးသော အခန်းကဏ္ဍနှစ်ရပ်၌ ပါဝင်သည်။ အခန်းကဏ္ဍတစ်ခုမှာ အစိုးရအဖွဲ့အတွင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများအတွင်းနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများအတွင်း ဖြစ်ပေါ်နေသည့် အဂတိလိုက်စားမှုများနှင့် မသမာမှုများကို ဖော်ထုတ်ပြရန်ဖြစ်သည်။ အခြားအခန်းကဏ္ဍတစ်ခုမှာ ကောင်းသောအုပ်ချုပ်ရေးနှင့် လူ့အခွင့်အရေးကို မြင့်တင်ပေးရန်ဖြစ်သည်။

မီဒီယာများအနေဖြင့် ပြည်သူလူထုအား အချက်အလက်များနှင့် အနေအထားများကို သတင်းပေးရန်သက်သက်မဟုတ်ဘဲ ပြည်သူလူထုအား ပညာပေးရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အားပေးကူညီရန်လည်း တာဝန်ရှိသည်။ မီဒီယာများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ပြည်သူ့ဝန်ထမ်းများ၏ အဂတိလိုက်စားမှု အမူအကျင့်များ၊ ပြည်သူလူထုနှင့်ဆိုင်သော ကိစ္စများ၌ အဂတိလိုက်စားလာမှုများနှင့် ရှုထောင့်အမျိုးမျိုးမှနေ၍ အဂတိလိုက်စားခြင်းကို ဖုံးကွယ်မှုများအား အစီရင်ခံ တင်ပြရသည်။ မြန်မာနိုင်ငံကဲ့သို့သော ဒီမိုကရေစီလူလားမမြောက်သေးသည့် နိုင်ငံများ၌ မီဒီယာများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အရပ်ဘက်အဖွဲ့များ၏ အားထုတ်မှုတွင် ပူးပေါင်းပါဝင်လျက် ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် သို့မဟုတ် အရေးယူရေးကို တွန်းအားပေးရန် တာဝန်ရှိသည်။ ထို့အပြင် သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်စေရေးအတွက် တွန်းအားပေးရန်လည်း တာဝန်ရှိသည်။

မီဒီယာများသည် အဂတိလိုက်စားမှုများ၏ အန္တရာယ်များအကြောင်း၊ အဂတိလိုက်စားမှုများက လူ့အဖွဲ့အစည်း၏ ကိုယ်ကျင့်တရားဆိုင်ရာ စံသတ်မှတ်ချက်များကို သေးသိမ်အောင် ပြုလုပ်ပုံ၊ ဒီမိုကရေစီစနစ်ကို အန္တရာယ်ကျရောက်စေပုံ၊ နိုင်ငံသားတို့၏ အခွင့်အရေးကို ဆုံးရှုံးစေပုံနှင့် နိုင်ငံဖွံ့ဖြိုးမှုကို ပိတ်ဆို့နေပုံတို့နှင့်ပတ်သက်၍ ဖြစ်နိုင်သမျှ အကြိမ်ပေါင်းများစွာ လူထုကို ပညာပေးနိုင်ရန်အတွက် လူထုနှင့် နွေးထွေးသော ဆက်ဆံရေးရှိရန်လည်း လိုအပ်သည်။

မီဒီယာများအနေဖြင့် အဂတိလိုက်စားမှုများကို ဖော်ထုတ်ပြရာ၌ ယုံကြည်အားကိုးဖွယ် အခန်းကဏ္ဍ၌ ရှိနေသည့်အခါ အဂတိလိုက်စားမှုဖြစ်နိုင်ခြေများကို လျှော့ချရာ၌ အတားအဆီးတစ်ရပ်အနေဖြင့်လည်း ဆောင်ရွက်ပေးနိုင်သည်။ အမှန်တကယ်၌ မီဒီယာများသည် အစိုးရအဖွဲ့အတွင်းရှိ အဂတိလိုက်စားမှုများကိုသာ အာရုံပြုသင့်သည် မဟုတ်ပါ။ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် မီဒီယာများ ကိုယ်တိုင်၌ပါ ဖြစ်ပေါ်နေသည့် အဂတိလိုက်စားမှုများကိုပါ အာရုံပြုရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံတွင် သက်ဆိုင်ရာအာဏာပိုင်များ၏ ထိန်းချုပ်မှုခံထားရသော မီဒီယာများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ယန္တရားတစ်ရပ်အဖြစ် ထိရောက်စွာရပ်တည်နိုင်ရန် လွယ်ကူမည်မဟုတ်ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ (ဖေဖော်ဝါရီ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent