ဆင်းရဲမွဲတေမှုနှင့် ရာဇဝတ်မှု

ဆင်းရဲမွဲတေမှုနှင့် ရာဇဝတ်မှု
Published 15 February 2020

“ဆင်းရဲမွဲတေမှုသည် ရာဇဝတ်မှု၏မိဘ” ဟု ဂရိတွေးခေါ်ရှင် အရစ္စတိုတယ်က ဆိုခဲ့သည်။ ဆင်းရဲမွဲတေမှုနှင့် ရာဇဝတ်မှုဆက်နွှယ်နေသည်မှာ အမှန်တကယ်ပင်ဖြစ်သည်။ ဝင်ငွေမရှိခြင်း သို့မဟုတ် နည်းပါးခြင်းသည် တစ်စုံတစ်ဦးအား မကောင်းမှု ဒုစရိုက်များဆီသို့ တွန်းပို့နိုင်သည်ဆိုခြင်းမှာ ယုတ္တိရှိသည့် သဘောတရားပင်ဖြစ်သည်။ သို့သော် ဗြိတိန်နိုင်ငံထုတ် Psychiatry ဂျာနယ်တွင်ဖော်ပြခဲ့သည့် စတော့ဟုမ်းမြို့ ကာရိုလင်စကာ တက္ကသိုလ်မှ အေမာဆာရီယာဆလန် ဦးဆောင်သော သုတေသနတစ်ရပ်က ရာဇဝတ်မှုများ ဖြစ်ပွားရသည့် ကွင်းဆက်များနှင့်ပတ်သက်၍ သံသယရှိမှုကို ဖော်ထုတ်ခဲ့သည်။

စကင်ဒီနေးဗီးယန်းဒေသ အစိုးရများက ၎င်းတို့၏ နိုင်ငံသားများနှင့်ပတ်သက်၍ စုဆောင်းထားသော များပြားလှသည့် ပုဂ္ဂိုလ်ရေးအချက်အလက်များကို အသုံးပြုလျက် ဆာရီယာဆလန်နှင့် သူ၏အဖွဲ့သည် ဆွီဒင်နိုင်ငံ၌ ၁၉၈၉ ခုနှစ်နှင့် ၁၉၉၃ ခုနှစ်အကြား မွေးဖွားလာသည့် ကလေးငါးသိန်းကျော်ကို လေ့လာနိုင်ခဲ့သည်။ ထိုသူတို့၏ ပညာရေး ရရှိခဲ့မှု၊ နှစ်စဉ်မိသားစုဝင်ငွေနှင့် ပြစ်မှုကျူးလွန်မှုများနှင့်ပတ်သက်၍ စုဆောင်းထားသော အချက်အလက်များကို လေ့လာခဲ့ကြသည်။ ၎င်းတို့သည် သက်ဆိုင်ရာလူတိုင်း၏ မွေးချင်း များကိုလည်း သုတေသနပြုခဲ့ကြသည်။

ဆွီဒင်နိုင်ငံတွင် ရာဇဝတ်မှု ကျူးလွန်ခြင်းအတွက် အပြစ်ပေးအရေးယူနိုင်သည့် အသက်အရွယ်မှာ ၁၅ နှစ်ဖြစ်သည်။ ထို့ကြောင့် ဆာရီယာဆလန်သည် သူ၏လေ့လာချက်၌ ပါဝင်သူများကို ၁၅ နှစ်နှင့်အထက်မှစ၍ ပျမ်းမျှအားဖြင့် သုံးနှစ်ခွဲကြာ လေ့လာခဲ့သည်။ မိသားစုဝင်ငွေအရ အောက်ဆုံး ငါးပုံတစ်ပုံ၌ ပါဝင်သူများသည် အကြမ်းဖက်ရာဇဝတ်မှု ကျူးလွန်နိုင်ခြေ ခုနစ်ဆပိုများပြီး မူးယစ်ဆေးသုံးစွဲမှု နှစ်ဆပိုများသည်။ ထို့အတူ မိသားစုဝင်ငွေ ထိပ်ဆုံး ငါးပုံတစ်ပုံ၌ ပါဝင်သူများသည်လည်း ၎င်းတို့ကဲ့သို့ပင် မူးယစ်ဆေးသုံးစွဲမှု နှစ်ဆပိုများကြောင်း တွေ့ရှိရသည်။ အစပိုင်းတွင် ဆင်းရဲသော်လည်း ပို၍ချမ်းသာလာ ကြသည့် မိသားစုများ၌ အံ့သြဖွယ်အချက်ကို တွေ့ရှိရသည်။ ယင်းကဲ့သို့သော မိသားစု များ၌ ငယ်ရွယ်သူများသည် ဆယ်ကျော်သက်အရွယ်၌ မကောင်းမှုပြုနိုင်ခြေသည် ဆင်းရဲခဲ့ကြသည့် မိသားစုအတွင်းမှ ၎င်းတို့ထက် ပိုမိုအသက်ကြီးသူများကဲ့သို့ပင် များပြားကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ၎င်းတို့က မိသားစုဝင်ငွေသည် ရာဇဝတ်မှုနှင့် ပတ်သက်၍ ဆုံးဖြတ်နိုင်သည့်အရာမဟုတ်ဟု ဆိုသည်။

အဆိုပါ သုတေသနအဖွဲ့က ရာဇဝတ်မှုကျူးလွန်နိုင်ခြေနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေ နှစ်ရပ်ကို ထောက်ပြခဲ့ကြသည်။ တစ်ခုမှာ မိသားစု၏ ယဉ်ကျေးမှုအစဉ်အလာဖြစ်သည်။ ဥပမာအားဖြင့် ကလေးတို့၏ အလေ့အထသည် ၎င်းတို့လေးစားသည့် မွေးချင်းထဲမှ အကြီးများကို အတုယူတတ်ခြင်းဖြစ်သည်။ အခြားဖြစ်နိုင်ခြေတစ်ခုမှာ ရာဇဝတ်မှု ကျူးလွန်တတ်သော အမူအကျင့်နှင့်ပတ်သက်၍ ကြိုတင်ရှိနှင့်ပြီးဖြစ်သော မွေးရာပါဗီဇ ဖြစ်သည်။ အခြားလေ့လာမှုများစွာတို့က ယင်းကဲ့သို့သော ဗီဇမျိုးရှိကြောင်း ထောက်ပြခဲ့ကြသည်။ ဗီဇကြောင့် ပြစ်မှုကျူးလွန်ခြင်းကို အထက်တန်းလွှာများထက် အောက်ခြေလူတန်း စားများ၌ ပို၍တွေ့ရတတ်သည်။ ယင်းမှာ ဝင်ငွေနည်းပါးခြင်းကြောင့် ရုတ်တရက် ဖြစ် ပေါ်လာသော စိတ်ရူးပေါက်မှုကို ထိန်းချုပ်ရန် ပိုမိုခက်ခဲသောကြောင့်ဖြစ်သည်။

ယင်းကဲ့သို့သော မှတ်ချက်များကို လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးသမားများက လက်ခံလေ့မရှိကြပေ။ ၎င်းင်းတို့ထောက်ပြကြသည့် ပထမအချက်မှာ လူတို့အား ဝင်ငွေ မြင့်မားအောင် မြှင့်တင်ပေးခြင်းသည် အခြားကိစ္စများအတွက် ကောင်းမွန်သော သဘော တရားဖြစ်သော်လည်း ယင်းသက်သက်က မကောင်းသောအပြုအမူများကို ထိန်းချုပ်နိုင်ခြင်းနှင့် သက်ဆိုင်လိမ့်မည် မဟုတ်ခြင်းပင်ဖြစ်သည်။ ဒုတိယအချက်မှာ မျိုးရိုးစဉ်ဆက် ဆင်းရဲမွဲတေမှုသည် အလုပ်အကိုင်များစွာအတွက် မြင့်မားသည့် ကျွမ်းကျင်မှုလိုအပ်သော ဆွီဒင်ကဲ့သို့သောနိုင်ငံ၌ ရာဇဝတ်မှုကျူးလွန်ရန် တွန်းအားပေးမှုတစ်ရပ်ဟု လွဲမှားစွာ မှတ်ယူသွားနိုင်ခြင်းဖြစ်သည်။ အမှန်တကယ်၌ အလုပ်အကိုင်များစွာသည် စိတ်အလိုသို့ လိုက်တတ်သူများထက် မိမိ၏အပြုအမူများကို ထိန်းချုပ်နိုင်စွမ်းရှိသော လူများကိုသာ ဦးစားပေးသောကြောင့်ဖြစ်သည်။

ထို့ကြောင့် “မရှိခိုးနိုး” ဟူသကဲ့သို့ ဆင်းရဲသူများကို ရာဇဝတ်မှုကျူးလွန်နိုင်ခြေ မြင့်မားသူများဟု ယူဆခြင်းမှာလည်း မေးခွန်းထုတ်ဖွယ်ရာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဖေဖော်ဝါရီ ၁၅ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent