နိုင်ငံရေးနှင့် လူတို့၏ နေ့စဉ်ဘဝ

နိုင်ငံရေးနှင့် လူတို့၏ နေ့စဉ်ဘဝ
Published 8 February 2020

လူအများက နေ့စဉ်ဘဝကို နိုင်ငံရေးနှင့် ဆက်နွှယ်မှုမရှိဟု ထင်မြင်လေ့ရှိကြသည်။ နိုင်ငံရေးဟူသည် နိုင်ငံရေးသမားများ၊ ဥပဒေဆိုင်ရာ လုပ်ငန်းများ၊ ရုံးလုပ်ငန်းများနှင့်သာ သက်ဆိုင်ပြီး သာမန်ပြည်သူများ ဘာမျှမသိသောအရာနှင့် ဝင်ရောက်ပြောဆိုရန် မသင့် သောအရာဟူ၍ မှတ်ယူတတ်ကြသည်။ နိုင်ငံရေးဟူသည် ဘဝနှင့်ပတ်သက်သော အကြောင်းအရာဖြစ်သည်ကို လူအများ နားမလည်ခြင်းမှာ ဝမ်းနည်းဖွယ် ကောင်းလေစွ။ အစိုးရသည် နိုင်ငံသားတို့၏ နေ့စဉ်ဘဝအပေါ် သက်ရောက်သော ဆုံးဖြတ်ချက်များကို ချမှတ်သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် ရှေ့သို့ တိုးတက်နိုင်ရန်အတွက် ပြည်သူများအ နေဖြင့် မိမိတို့၏ အနာဂတ်ကို မိမိတို့ကိုယ်တိုင်၏ လက်ဖြင့် ခံယူရမည် ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံသည် ပြည်သူလူထု ဖြစ်သည်။ အဆောက်အအုံတစ်ရပ် ဖြစ်သည်။ သဘောထား အယူအဆတစ်ရပ်လည်း ဖြစ်သည်။ ယင်းအရာများ အားလုံးသည် နိုင်ငံတစ်နိုင်ငံဟူသော နိုင်ငံရေးအရ သတ်မှတ်ချက်ထက် များစွာပိုသည်။ နိုင်ငံတစ်နိုင်ငံဟူသည် နိုင်ငံသားတို့၏ အကြောင်းဖြစ်သည်။ နိုင်ငံသားတို့၏ ဘဝဖြစ်သည်။ ထို့ကြောင့် နိုင်ငံကို ချစ်မြတ်နိုး ခြင်းသည် မိမိကိုယ်မိမိ ချစ်မြတ်နိုးခြင်းပင် ဖြစ်သည်။ နိုင်ငံရေးအသိစိတ် ရှိခြင်းဟူသည် မိမိကိုယ်မိမိ စောင့်ရှောက်လိုစိတ် ရှိခြင်းပင်ဖြစ်သည်။ အမှန်တကယ်၌ မိမိတို့၏အိမ်၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများအကြားနှင့် လုပ်ငန်းခွင်တို့၌ နိုင်ငံရေး ဖြစ်ပေါ် လျက်ရှိသည်သာ ဖြစ်၏။ မိမိတို့အားလုံး၏ နေ့စဉ်ဘဝသည် နိုင်ငံရေးတွင် ပါဝင်ပတ် သက်နေပြီး မိမိတို့အနေဖြင့် မည်သည့်အရာများကို လုပ်မည်၊ မည်သို့ လုပ်ဆောင်မည်ဆို သည်ကို အခြားသူများနှင့်အတူဆုံးဖြတ်ချက်များ ချမှတ်နေရသည်။

လူ့အဖွဲ့အစည်းတစ်ရပ်သည် နိုင်ငံရေးအရ ပြောင်းလဲလာရသည်။ ယခု ဆူဒန်နိုင်ငံ နှင့် လွန်ခဲ့သည့်နှစ် ၅၀ က ဆူဒန်နိုင်ငံကို တွေးကြည့်နိုင်သည်။ ဆူဒန်နိုင်ငံတွင် ယခင်က အမျိုးသမီးတို့ အတိုအပြတ်များ ဝတ်ဆင်လေ့ရှိခဲ့ပြီး အရက်ဆိုင်များကို လူသိရှင်ကြား ဖွင့်လှစ်ခဲ့ကြသည်။ ယခုအခါ ဆူဒန်နိုင်ငံ၌ ယင်းကိစ္စများသည် ထုတ်ပြော၍ပင်မရသော အရာများဖြစ်လာသည်။ အစိုးရက ရှာရီယာဥပဒေကို အတင်းအဓမ္မ ပြဋ္ဌာန်းခဲ့မှုနှင့်အညီ ဆူဒန်ပြည်သူတို့၏ ဘဝများ ပြောင်းလဲခဲ့ရသည်။ အစိုးရသည် ပြည်သူတို့၏ဘဝကို ပုံသွင်းပြီး ပြည်သူများကို ပြောင်းလဲစေခဲ့သည်။ ယင်းသည် တစ်သီးပုဂ္ဂလအရ ပြောင်း လဲခြင်းမဟုတ်ဘဲ လူ့အဖွဲ့အစည်းအလိုက် ပြောင်းလဲမှုဖြစ်သည်။

ပြည်သူတစ်ဦးအနေဖြင့် နိုင်ငံရေး၏ အရေးပါပုံကို သတိမူကာ နေထိုင်ပါက နိုင်ငံ ရေး ဆုံးဖြတ်ချက်တိုင်းသည် ပြည်သူတစ်ရပ်လုံးအပေါ် ရိုက်ခတ်မှုရှိကြောင်း သိမြင် မည်ဖြစ်သည်။ မိမိကိုယ်တိုင်နှင့် မိမိဝန်းကျင်၌ ဖြစ်ပေါ်နေသော ရလဒ်များသည် တစ်ဦး ချင်း၏ အမူအကျင့်များကြောင့် ဖြစ်ပေါ်လာခြင်းသက်သက်မဟုတ်ဘဲ အုပ်ချုပ်မှု၏ ရလဒ်နှင့် သက်ဆိုင်ကြောင်း သတိပြုမိမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးဆုံးဖြတ်ချက်များ ချမှတ်ရေးနှင့်ပတ်သက်၍ လိုအပ်ပါက ကိုယ်တိုင်ပါဝင်ရမည်ကို သိမြင်လာမည် ဖြစ်သည်။ ဆူဒန်နှင့်ပတ်သက်သော နမူနာကိုကြည့်ပါက ပထမအဆင့် အသိအမှတ်ပြု သည်။ ဒုတိယအဆင့် လက်ခံသည်။ နောက်ဆုံးအဆင့်၌ လက်တွေ့ ကျင့်သုံးမှုဆီသို့ ရောက်ရှိလာသည်။ ကောင်းမွန်သော အုပ်ချုပ်ရေးဟူသည် “ဒီမိုကရေစီနည်းကျ ရွေး ကောက် တင်မြှောက်ထားသည်”ဟူသည့် ခေါင်းစဉ်အောက်၌ ရှိရုံဖြင့် လုံလောက်ခြင်း မရှိပါ။ နိုင်ငံနှင့်အဝန်းရှိ အခြေခံအဆောက်အအုံများကို တိုးတက်စေရမည်ဖြစ်သည်။ စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းပေးရမည်ဖြစ်သည်။ ပြည်သူတိုင်းအနေဖြင့် မိမိတို့ နေ့စဉ်ဘဝ တိုးတက်ကောင်းမွန်လာရေးအတွက် တက်ကြစွာ ပါဝင်ခြင်းသည် နိုင်ငံရေး ဖြစ်သည်။ မိမိတို့၏ နေ့စဉ်ဘဝ တိုးတက်ကောင်းမွန်ရေးအတွက် ကိုယ်တိုင်ပါဝင်ရန် ထိုက်တန်ကြောင်း ဆုံးဖြတ်နိုင်ရမည် ဖြစ်သည်။

ပြည်သူများသည် မိမိတို့၏ ကိုယ်စားလှယ်များကို ဒီမိုကရေစီနည်းကျ ရွေးချယ်ကြသကဲ့သို့ မိမိတို့၏ဘဝများ၌ မည်သို့မည်ပုံ နေထိုင်မည်ဟူသည်နှင့် ပတ်သက်၍လည်း ဒီမိုကရေစီနည်းကျ ရွေးချယ်ခွင့်ရှိရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဖေဖော်ဝါရီ ၈ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent