လုပ်ပိုင်ခွင့်အာဏာ၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ တာဝန်ခံတတ်ခြင်း

လုပ်ပိုင်ခွင့်အာဏာ၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ တာဝန်ခံတတ်ခြင်း
Published 5 February 2020

ကောင်းမွန်သည့်အုပ်ချုပ်မှု Good Governance ကို အဓိကအကြောင်းအချက် သုံးခုဖြင့် အဆုံးအဖြတ်ပေးသည်ဟု ဆိုနိုင်သည်။ အစိုးရတစ်ရပ်၏ အုပ်ချုပ်မှုကောင်းခြင်း၊ ဆိုးခြင်းကို တရားဥပဒေစိုးမိုးမှု Rule of Law ၊ ပွင့်လင်းမြင်သာမှု Transparency နှင့် တာဝန်ယူတာဝန်ခံမှု Accountability တို့ဖြင့် အကဲဖြတ်နိုင်သည်။ ၎င်းတို့သည် ဒီမိုကရေစီအတွက် အရေးပါသော ဒေါက်တိုင်များလည်း ဖြစ်သည်။ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည့် ဒေါက်တိုင်နှစ်ခုသည် ဆက်စပ်မှုရှိသည်။ အထူးသဖြင့် ယင်း အချက်နှစ်ချက်ကို မျက်ကွယ်ပြုမည်ဆိုလျှင် ယင်းအစိုးရမျိုးကို ဒီမိုကရေစီအစိုးရဟု မခေါ်တွင်ထိုက်ပေ။ ဒီမိုကရေစီအစိုးရဟု သတ်မှတ်လိုလျှင် ဒီမိုကရေစီ၏ စံချိန်စံညွှန်းများကို မည်သည့်နည်းနှင့်မျှ ဥပေက္ခာပြု၍ မရပေ။

နိုင်ငံတစ်နိုင်ငံတွင် လူအများစု အထူးသဖြင့် အခြေခံပြည်သူများ၏ လူမှုဘဝ အဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်ဖြင့် အစိုးရယန္တရားကို လည်ပတ်ဆောင်ရွက်နိုင်သော အစိုးရတစ်ရပ်သည် လူထုအတွက် အစိုးရကောင်းဟု ခေါ်ဆိုရပေလိမ့်မည်။ သို့မဟုတ်ဘဲ Good Governance အုပ်ချုပ်မှုကောင်းတစ်ရပ်တွင် ရှိသင့်ရှိထိုက်၊ လိုက်နာသင့် လိုက်နာထိုက်သည့် အချက်များကို လျစ်လျူရှုတတ်သည့် အစိုးရတစ်ရပ်ကိုမူ လူထုဘက်တွင်မရှိသောအစိုးရ တစ်နည်းအားဖြင့် အစိုးရဆိုးဟု သတ်မှတ်ကြရမည်ဖြစ်သည်။ အာဏာရှင်စနစ်တွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှုအပေါ် လူထုအနေဖြင့် ရွေးချယ်စရာမရှိခဲ့သော်လည်း ဒီမိုကရေစီ အစိုးရအတွက်မူ ယင်းတို့သည် အစိုးရအကောင်းအဆိုးအပေါ် ပိုင်းဖြတ်ပေးနိုင်သော စံသတ်မှတ်မှုများ ဖြစ်လာသည်။ အစိုးရအနေဖြင့် ၎င်းတို့လုပ်ဆောင်သည့်ကိစ္စများ အထူးသဖြင့် အခြေခံလူထုအပေါ် အဓိကသက်ရောက်စေမည့် ဥပဒေပြဋ္ဌာန်းမှုများ၊ စီမံကိန်းကြီးများတွင် ပွင့်လင်းမြင်သာရန် များစွာလိုအပ်သည်။ လူထုအပေါ် သက်ရောက်မှုကြီးမားစေသည့် ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ရှင်းရှင်းလင်းလင်း ချပြအသိပေးခြင်း၊ လူနည်းစု ကောင်းစားရေးအတွက်မဟုတ်ဘဲ အောက်ခြေလူတန်းစားအတွက် အကျိုးရှိစေသော အာမခံချက်များကို ချပြနိုင်ရန်လိုအပ်သည်။ ပြည်သူက ယုံကြည်စွာ အပ်နှင်းထားသော အာဏာကို မိမိပုဂ္ဂလိက အကျိုးအတွက် အလွဲသုံးစား ပြုလုပ်ခြင်းကို အဂတိလိုက်စားမှုဟု ခေါ်သည်။ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်သူများက မူဝါဒများနှင့် အင်စတီကျူးရှင်းများကို ကိုင်တွယ်ရာ၌ လည်းကောင်း၊ ရင်းမြစ်များနှင့် ဘဏ္ဍာငွေများ ခွဲဝေချထားရာ၌လည်းကောင်း လုပ်ငန်းစဉ် စည်းမျဉ်းများကို မလျော်မကန်ပြုခြင်းအား နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုဟု ခေါ်သည်။ မိမိ၏အာဏာတည်မြဲရေး၊ မိမိရောက်ရှိနေသည့် အနေအထား တည်မြဲရေးနှင့် ချမ်းသာကြွယ်ဝရေးတို့အတွက် မိမိ၏ ရာထူးအာဏာကို အလွဲသုံးစားပြုလုပ်ခြင်း ဖြစ်သည်။

အဘက်ဘက်မှ နိမ့်ကျနေသောနိုင်ငံတွင် အစိုးရ၏ဆောင်ရွက်ချက်များ၊ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများ၊ စီးပွားရေးအရ ဖော်ဆောင်လိုက်သည့် စီမံကိန်းကြီးများသည် ကျောမွဲပြည်သူတို့ကိုသာ ထိခိုက်နစ်နာခဲ့မည်ဆိုလျှင် နောက်ဆက်တွဲအဖြစ် ယင်းသို့ လုပ်ဆောင်မှုများအတွက် တာဝန်ယူတာဝန်ခံမှု ရှိရမည်ဖြစ်သည်။ ပြည်သူအများစုက တင်မြှောက်လိုက်သည့် ဒီမိုကရေစီ အရပ်သားအစိုးရလက်ထက်တွင်လည်း ပွင့်လင်းမြင်သာမှု မရှိ၊ တာဝန်ယူ တာဝန်ခံမှု မရှိပါက လူထုအနေဖြင့် စစ်မှန်သည့် အပြောင်းအလဲကို မည်သို့မျှ ရရှိမည် မဟုတ်သည်မှာအမှန်ပင်ဖြစ်သည်။ ဒီမိုကရေစီ၏ စံနှုန်းများကို မျက်ကွယ်ပြုကာ လူထုကို ဖိနှိပ်သည့် လုပ်ဆောင်မှုများကြောင့် နိုင်ငံသည်လည်း ဆင်းရဲတွင်းမှ မလွတ်မြောက်နိုင်ပေ။ လူထုအနေဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှု စသည့်အချက်များဖြင့် တိုင်းတာသည့်အခါ အစိုးရတစ်ရပ်သည် ကောင်းသော၊ ဖြောင့်မတ်သော ပြုပြင်ပြောင်းလဲမှုကို မှန်ကန်စွာ လုပ်ဆောင်ပေးနိုင်သော အစိုးရ ဟုတ် မဟုတ် ထင်ရှားစွာ ပေါ်လွင်နေလိမ့်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ (ဖေဖော်ဝါရီ ၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent