မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍတွင် သြစတြေးလျမှ လာရောက်ရင်းနှီးမြှုပ်နှံရန်နှင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများပါဝင်သော ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ ပူးပေါင်း၍ နှစ်နိုင်ငံအကြား FAM Trips များ စီစဉ်ဆောင်ရွက်ရေး ဆွေးနွေးနေ

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍတွင် သြစတြေးလျမှ လာရောက်ရင်းနှီးမြှုပ်နှံရန်နှင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများပါဝင်သော ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ ပူးပေါင်း၍ နှစ်နိုင်ငံအကြား FAM Trips များ စီစဉ်ဆောင်ရွက်ရေး ဆွေးနွေးနေ
  မန္တလေးမြို့ ရွှေနန်းတော်ကျောင်းသို့ လာရောက်လေ့လာနေကြသည့် နိုင်ငံခြားသားခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
မန္တလေးမြို့ ရွှေနန်းတော်ကျောင်းသို့ လာရောက်လေ့လာနေကြသည့် နိုင်ငံခြားသားခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
Published 30 January 2020
  ဇေယျာငြိမ်း

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍတွင် သြစတြေးလျနိုင်ငံမှ လာရောက်ရင်းနှီး မြှုပ်နှံရန်နှင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ပါဝင်သော ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ ပူးပေါင်း၍ နှစ်နိုင်ငံအကြား FAM Trips များ စီစဉ်ဆောင်ရွက်ရေး ဆွေးနွေးနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

သြစတြေးလျနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ပြည် ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဖိတ်ခေါ်ခဲ့သည်။

ဇန်နဝါရီ ၂၉ က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးအုန်မောင်သည် သြစတြေးလျ သံအမတ်ကြီး Mr. Andera Faulkner နှင့် တွေ့ဆုံတွင် ယခုကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့တွေ့ဆုံစဉ် သြစတြေးလျနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်ရေးဆိုင်ရာများ၊ ဒီဂျစ်တယ်နည်းပညာဖြင့် ခရီးသွားမြှင့်တင်ရေးဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို လွယ်ကူစွာ သိရှိသွားလာနိုင်ရေးအတွက် QR Code များ ထားရှိဆောင်ရွက်နေမှု၊ နှစ်နိုင်ငံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ပါဝင်သော ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နှစ်နိုင်ငံအကြား FAM Trips များ စီစဉ်ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ ကာလတိုသင်တန်းများနှင့် ကာလရှည်ပညာသင်ဆု အစီအစဉ်များကို စီစဉ်ပို့ချပေးနိုင်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ ခုနှစ်အကုန်အထိ လုပ်ငန်းပေါင်း ၁၈ ခု လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၄၅ သန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍ၌ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာသော်လည်း ရက်တိုခရီးဖြင့် တရုတ်ခရီးသွားများသာ ဝင်ရောက်မှုများသဖြင့် ဝင်ငွေရရှိမှု နည်းနေသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ဌာနေကိုယ်စားလှယ်(ယာယီ)ဖြစ်သူ Gevorg Sargsyan က ပြောကြားထားသည်။

“ဝန်ဆောင်မှုအပိုင်းကို ကြည့်မယ်ဆိုရင် ဒီမှာဆိုရင် ဘာကို ရွေးချယ်လိုက်လဲဆိုရင် ခရီးသွားလုပ်ငန်းနဲ့ ချိတ်ဆက်နေတဲ့ ဝန်ဆောင်မှုလုပ်ငန်း၊ အဲမှာဘာတွေ့ရလဲဆိုရင် လာရောက်တဲ့နှုန်းကများပြီး ရာခိုင်နှုန်း ၆၀ လောက် မြင့်တက်လာတယ်ပေါ့နော်။ မြန်မာနိုင်ငံကိုရောက်ရှိတဲ့ ခရီးသွားပေါ့။ အဲဒီမှာ လာတဲ့နိုင်ငံသားတွေမှာ အာရှက အများဆုံးဖြစ်တယ်။ တရုတ်ကဝင်တဲ့ဧည့်သည်က ရာခိုင်နှုန်း ၂၀ တော်တော်လေး တရုတ်ဧည့်သည်တွေ ဝင်ရောက်တာများတာကို တွေ့ရတယ်။ ရရှိတဲ့နှုန်းမှာကျတော့ သူတို့ကအချိန် ခဏလေးပဲလာတယ်။ ရက်တိုဖြစ်တယ်။ ရက်တိုအတွင်းမှာလည်း ငွေအသုံးပြုမှုကလည်း နည်းတယ်။ အဲဒါကြောင့် ဝင်ငွေရရှိမှုကတော့ မများဘူးဆိုတာတွေ့ရတယ်” ဟု ဖြစ်သူ Gevorg Sargsyan က ပြောကြားသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဆယ်လတာကာလအတွင်း မြန်မာနိုင်ငံတွင်းသို့ တရုတ်ခရီးသွား ဝင်ရောက်မှုသည် ၂၀၁၈ ခုနှစ် ကာလတူ ဝင်ရောက်မှုထက် သုံးသိန်းခွဲကျော် တိုးတက်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တရုတ်ခရီးသွားဝင်ရောက်မှုသည် ၅၉၃၆၅၈ ဦးရေရှိပြီး၂၀၁၈ ခုနှစ် ကာလတူတွင် ၂၂၇၀၄၈ ဦးရေသာ ဝင်ရောက်ခဲ့ရာ နှိုင်းယှဉ်ချက်များအရ ၃၆၆၆၁၀ ဦးရေ တိုးတက်ဝင်ရောက်လာပြီး ယခင်နှစ်ထက် နှစ်ဆနီးပါး ၁၆၁ ရာခိုင်းနှုန်း တိုးတက်ကြောင်း သိရသည်။                   

 

Most Read

Most Recent