ပဲခူးမြို့တွင် ကလေးသူခိုးဟု မှားယွင်းစွပ်စွဲခံရသူအား ရပ်ကွက်သားများက ဝိုင်းဝန်းထိုးကြိတ်ခြင်း၊ လေးခွဖြင့် ပစ်ခြင်းတို့ကြောင့် ဖူးရောင်ဒဏ်ရာများနှင့် မျက်လုံးတစ်ဖက် ကန်းသွားခဲ့သဖြင့် စွပ်စွဲထိုးကြိတ်ခံရသူ၏ ဖခင်က လေးခွဖြင့်ပစ်ပြီး ဝိုင်းဝန်းထိုးကြိတ်သူ ရပ်ကွက်သားများကို ပဲခူးမြို့မရဲစခန်းတွင် ပြန်လည်အမှုဖွင့် တိုင်ကြားခဲ့သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ငွေဖြိုးအောင် ၂၀ နှစ် အဘ ဦးမောင်ကြိုင် စီမံကိန်း ၅ လမ်း ကျောက်ကြီးစုရပ်ကွက် နေသူသည် ၄င်း၏သူငယ်ချင်း အောင်ကျော်ထွေး (ခ) ကိုမှေး (မိန်းမလျာ) ၂၄ နှစ် အဘ ဦးလှဖေဆိုသူ နေထိုင်သော စီမံကိန်း ၄ လမ်း ကျောက်ကြီးစုရပ်ကွက်ရှိ ဦးချစ်စမ်းမောင်၏ နေအိမ်အောက်ထပ် အခန်းထဲသို့ သွားအိပ်ခဲ့သည် ဟုဆိုသည်။
ထိုစဉ်အိမ်ရှင် ဦးချစ်စမ်းမောင်နှင့်ဇနီး မဇင်မာစိုးတို့မှ အိမ်အောက်ထပ်ထဲ လူဝင်သွားသည်ကိုမြင်၍ သူခိုး သူခိုး ဟုအော်ရာ အိမ်နီးချင်းများကလည်း သူခိုးသူခိုးဟု ဝိုင်းအော်သည်ကို ရပ်ကွက်သားများက ကလေးသူခိုးဟုကြားပြီး ဝိုင်းဝန်းဖမ်းဆီးကြသည် ဟုဆိုသည်။
ထို့နောက် ရွာသစ်ရပ်ကွက် ရွာသစ် ၄ လမ်း ဦးဇော်မိုးကျော် အိမ်ရှေ့တွင် ၈ နာရီ ၄၅ မိနစ်ခန့်က ဖမ်းမိပြီး ကလေးသူခိုး ဟုဆိုကာ လူ ၄၀၀ ခန့်က ဝိုင်းလာခြင်း ထိုးကြိတ်ခြင်း လေးဂွနှင့် ပစ်ခြင်းတို့ကြောင့် ငွေဖြိုးအောင်၏ ဦးခေါင်းမျက်နှာနှင့် ဝဲဘက် မျက်လုံးတို့တွင် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပြီး ယာဘက်မျက်လုံး ကွယ်သွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူးနဲ့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ ရောက်သွားတော့ ဦးဇော်မိုးကျော်က မလိုလားအပ်သော ပြဿနာတွေ ဖြစ်မှာစိုးလို့ ထိန်းထားပေးတယ်။ ည ၁၀ နာရီ ၂၀ မိနစ်မှာ ရဲစခန်းခေါ်ပြီး စစ်တဲ့အခါမှာ ဖြစ်ကြောင်းကုန်စင် သိရတယ်။ သူ့သူငယ်ချင်းဆီမှာ မကြာမကြာ သွားအိပ်နေကျ ဒါကိုမစိစစ်ရသေးခင် ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ကလေးသူခိုးဆိုပြီး ဆိုရှယ်မီဒီယာပေါ် တင်လိုက်လည်း မသိဘူး။ ကျနော်တို့လည်း အမြဲစုံစမ်း ဖော်ထုတ်မှုတွေ လုပ်နေပါတယ်။ ဒါ့ကြောင့် ဆိုရှယ်မီဒီယာတွေ အနေနဲ့ ပြည်သူတွေ ထိတ်လန့်မှု မဖြစ်အောင် အားလုံးနဲ့ စုပေါင်းတိုင်ပင် အဖြေရှာပြီးမှ တင်သင့်ပါတယ်” ဟု ပဲခူးမြို့မစခန်းမှူး ရဲမှူးနိုင်စိုးက ပြောကြားသည်။
စုံစမ်းစစ်ဆေးချက်များအရ ဝိုင်းဝန်းထိုးကြိတ်ရာတွင် ပါဝင်ခဲ့သည်ဟု ယူဆရသော မဝါ၀ါမျိုး၊ ကိုဖြိုး၊ မတင်မာဦး (ခ) စနေမ၊ သန်းဌေးအောင်၊ မဖြူ၊ ရန်ပိုင်၊ မာမာလေး၊ ကျော်စိုးနှင့် လင်းထင်တို့ တစ်စုအား ငွေဖြိုးအောင်၏ ဖခင်ဖြစ်သူ ဦးမောင်ကြိုင်က အမှုဖွင့် တိုင်ကြားသောကြောင့် ပဲခူးမြို့မ ရဲစခန်းတွင် (ပ) ၃၃၈၈/၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၆/၃၂၅/၅၀၆/၅၀၀/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။















