တောင်သူလယ်သမားနေ့အား ဒီဇင်ဘာ ၂၂ ရက်သို့ ပြောင်းလဲသတ်မှတ်ပေးရန်  NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းမေးမြန်းခဲ့ပြီး လက်ရှိတွင် ပြင်ဆင်သတ်မှတ်ရန်မရှိဟု ဒုတိယဝန်ကြီး ဖြေကြား

တောင်သူလယ်သမားနေ့အား ဒီဇင်ဘာ ၂၂ ရက်သို့ ပြောင်းလဲသတ်မှတ်ပေးရန်  NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းမေးမြန်းခဲ့ပြီး လက်ရှိတွင် ပြင်ဆင်သတ်မှတ်ရန်မရှိဟု ဒုတိယဝန်ကြီး ဖြေကြား
Published 8 November 2019
အောင်မင်းသိန်း

တောင်သူလယ်သမားနေ့အဖြစ် မတ် ၂ ရက်ကို သတ်မှတ်ထားခြင်းအား ပယ်ဖျက်ပြီး ဗြိတိသျှနယ်ချဲ့အစိုးရအား ဆရာစံ ဦးဆောင်ပြီး တောင်သူလယ်သမားများကိုယ်တိုင် စတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်ကို ပြောင်းလဲသတ်မှတ်ပေးရန် အစီအစဉ် ရှိ မရှိ NLD ပါတီဝင် ဒီပဲယင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်က နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းအပေါ် လက်ရှိတွင် ပြင်ဆင်သတ်မှတ်ရန် မရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြားသည်။

“ဖဆပလ အစိုးရလက်ထက်က ဇန်နဝါရီလ ၁ ရက်ကို တောင်သူလယ်သမားနေ့အဖြစ် ကျင်းပခဲ့ပြီး တော်လှန်ရေးကောင်စီ အစိုးရက မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ဂုဏ်ပြုမှတ်တမ်းတင် ခဲ့ပါတယ်။ မတ်လ ၂ ရက်နေ့က တပ်မတော်က နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့တဲ့နေ့ ဖြစ်ပါတယ်” ဟု မေးခွန်းရှင် ဦးဝင်းမြင့်အောင်က မေးခွန်းမေးမြန်းစဉ် ပြောကြားသည်။

ထို့ပြင် အမှန်တရားကသာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို  အထောက်အကူပြုမည်ဖြစ်ခြင်းကြောင့် အာဏာသိမ်းခံရသည့် မတ် ၂ ရက်သည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော ပြည်သူ့အစိုးရ၊ ပြည်သူ့လွှတ်တော်၊ လူမျိုးစုလွှတ်တော်များကို ဖျက်သိမ်းပစ်သည့်နေ့၊ ပြည်သူအပေါင်း ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို စတင်ဆုံးရှုံးရသောနေ့၊ အာဏာရှင်များအောက် ပြည်သူ၊ ကျောင်းသား ပြားပြားမှောက်ရသောနေ့၊ တောင်သူလယ်သမားများ မျိုးစပါး၊ ဝမ်းစာစပါးပါမကျန် မြေသိမ်းခံရပြီး ဆင်းရဲမွဲတေခြင်းဒဏ်ကို ခါးဆီးခံရရန် အကြောင်းဖန်လာသည့် အာဏာရှင်မျိုးဆက်တို့၏ မွေးနေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခြင်းသည် နိုင်ငံရေး စံတန်ဖိုးအရ အနှစ်သာရကင်းမဲ့လှတာကြောင့် အစိုးရအနေဖြင့် ဖျက်သိမ်းပစ်ရန် နှောင့်နှေးကြန့်ကြာမနေသင့်ကြောင်း ဦးဝင်းမြင့်အောင်က မေးခွန်းတွင် ထည့်သွင်းမေးမြန်းသည်။

“တောင်သူလယ်သမားနေ့ဟာ တောင်သူလယ်သမား တစ်ဦးတစ်ယောက်ချင်းကို ဂုဏ်ပြုသတ်မှတ်သည့်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားထု တစ်ရပ်လုံးကို ဂုဏ်ပြုကျင်းပပေးခဲ့သည့် နေ့ရက်တစ်ရက် ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့နေ့ထူးနေ့မြတ် ထားရှိမှုဟာ နိုင်ငံတော်အစိုးရအနေဖြင့် ထားရှိရမယ့်နေ့ရက်ရဲ့ ထူးမြတ်တဲ့ဂုဏ်အင်္ဂါနှင့် သမိုင်းအခြေခံဖြစ်ရပ်များအပေါ် အခြေပြု စိစစ်ဆောင်ရွက်ထားရှိသော လုပ်ငန်းရပ် ဖြစ်ပါတယ်။ ၎င်းနေ့ရက်ကို ပြင်ဆင်လိုတယ်ဆိုရင် ယင်းနေ့ရက်ကို အမှန်တကယ် ကိုယ်စားပြုတဲ့ တောင်သူလယ်သမားအများစုရဲ့ ဆန္ဒနှင့်အညီဖြစ်စေဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက လွှတ်တော်၌ ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ပြောင်းလဲပြင်ဆင်သတ်မှတ်မည့် နေ့ရက်သည် တောင်သူလယ်သမားများ၏ မှီခိုအားထားရာ အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် လယ်ယာလုပ်ငန်းခွင်များ ထိခိုက်မှုမရှိစေရေးအပေါ်တွင် အလေးအနက်ထား စိစစ်သုံးသပ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

ဒုတိယဝန်ကြီးက “သို့ဖြစ်တဲ့အတွက် ၎င်းနေ့ရက်ပြင်ဆင်ခြင်းကို အထက်ဖော်ပြပါ အချက်များနှင့်အညီ အဖက်ဖက်မှ စဉ်းစားသုံးသပ်ရမယ့် အနေအထားရှိတဲ့အလျောက် ယင်းအပေါ်အခြေပြုပြီး နိုင်ငံတော်မှ စီမံဆောင်ရွက်ရန် လိုအပ်လာမယ်ဆိုရင် မိမိတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ရဲ့ အစီအမံနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာတော့ ပြောင်းလဲပြင်ဆင်သတ်မှတ်ခြင်းကို ဆောင်ရွက်မည့် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် မေးခွန်းမေးမြန်းရာ၌ လွှတ်တော်ကိုယ်စားလှယ်၏ ပြောကြားမှုများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ မေးခွန်းမေးသည့်အခါတွင် မေးခွန်းနှင့် ဆက်စပ်သည့် အကြောင်းအရာများကို Reference ၍ရသော်လည်း မိမိ၏အထင်၊ မိမိ၏အမြင်၊ မခိုင်လုံသည့် အကြောင်းပြချက်များကို ထည့်သွင်းမေးမြန်းခွင့် မပြုထားကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက မတ်တပ်ရပ်၍ ကန့်ကွက်ခဲ့သည်။

ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက “အဲဒီမှာ ကျွန်တော်တို့ နားလည်လိုက်တာကတော့ တပ်မတော်ဟာ လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့ခြင်းဖြစ်တယ်ဆိုတဲ့ စကားလုံးပါပါတယ်။ ဒါဟာ အဲဒီခေတ်၊ အဲဒီအခါ၊ အဲဒီအခြေအနေတွေမှာရှိတဲ့ သမိုင်းဆိုင်ရာ အချက်အလက်၊ သမိုင်းဆိုင်ရာဖော်ပြချက်၊ သမိုင်းဆိုင်ရာအခြေအနေတွေဟာ ပြန်ပြီးလေ့လာလို့ရှိရင် သိနိုင်မှာဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ နားလည်တာက အဲဒီခေတ်၊ အဲဒီကာလ၊ အဲဒီအခြေအနေနဲ့ တစ်ပိုင်းဟာ တစ်ပိုင်းဖြစ်သလို ယခုကာလဖြစ်တဲ့ အတွက်ကြောင့် ဒီစာသား၊ ဒီစကားလုံးဟာ မသုံးသင့်၊ သုံးသင့်ဆိုတာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ စဉ်းစားသင့်တယ်လို့ ယူဆတဲ့အတွက် ပယ်ဖျက်ပေးပါရန် တင်ပြအပ်ပါတယ်” ဟု လွှတ်တော်၌ ကန့်ကွက်ပြောကြားခဲ့သည်။

ယင်းသို့ကန့်ကွက်မှုအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်နေသည့်ကာလဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် မိမိတို့၏ အသုံးအနှုန်းများကို သင့်တော်၏ မသင့်တော်၏ ဆိုသည်ကို သုံးသပ်ဆင်ခြင်ရန် လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို မှာကြားခဲ့သည်။

Most Read

Most Recent