သရုပ်ဆောင် ထူးအောင်ရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ

သရုပ်ဆောင် ထူးအောင်ရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
Published 1 November 2019

ပြောင်းလဲလာတဲ့ ခေတ်ရေစီးရဲ့အရွေ့နဲ့အတူ ကျန်းမာရေးလိုက်စားလာတဲ့ အလေ့အထတွေ၊ မိမိခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့အတွက် ကြိုးစားတည်ဆောက်မှုတွေက လူငယ်တွေကြားထဲမှာ ပိုလို့စိတ်ဝင်စားလာကြပါတယ်။ ယောကျ်ားပီသတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ တွဲဖက်သတိထားမိရာက လက်ရှိမှာတော့ သရုပ်ဆောင်တစ်ဦးအဖြစ်ပါ ပရိသတ်လက်ခံလာခဲ့သူတစ်ဦးက လူငယ်သရုပ်ဆောင် ထူးအောင်ပဲ ဖြစ်ပါတယ်။ အားကစားလေ့ကျင့်မှု ဗီဒီယိုဖိုင်တွေကတစ်ဆင့် ပရိသတ်စပြီးသတိထားမိစေခဲ့သလို Music Video တွေကနေလည်း အားပေးမှုတွေရရှိစေခဲ့သူပါ။ ယခင်နှစ်ကထုတ်လွှင့်ပြသခဲ့တဲ့ “ပုဂံမြို့သူ”၊ မကြာခင်ကပြသခဲ့တဲ့ “ပျောက်ဆုံးနေသောအမှန်တရား” ရုပ်သံဇာတ်လမ်းတွဲတွေမှာတော့ ကျရာဇာတ်ရုပ်ကိုပီပြင်အောင် ကြိုးစားပါဝင်ခဲ့ပါတယ်။ လက်ရှိပြသနေတဲ့ “အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲမှာလည်း ပါဝင်ထားသူဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ သရုပ်ဆောင်ထူးအောင်ပြောပြခဲ့တဲ့ ငယ်ဘဝအမှတ်တရတချို့ကို ပြန်လည်မျှဝေပေးချင်ပါတယ်။

သရုပ်ဆောင်ထူးအောင်က မေလ ၂၂ ရက်မှာ ရန်ကုန်မြို့မှာမွေးဖွားခဲ့သူဖြစ်ပြီး မွေးချင်းအစ်မ တစ်ယောက်ရှိပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ကစားမက်တဲ့ထူးအောင်အတွက် အမှတ်တရအနေနဲ့တော့ ကစားရင်းဒဏ်ရာရခဲ့တာက သေရာပါအမာရွတ်ဖြစ်သွားတာပါလို့ပြောပြခဲ့ပါတယ်။

“ငယ်ငယ်ကကစားမက်တယ်။ Remove Control နဲ့ ဆော့ရတဲ့ကားလေးကစားရင်းတိုင်ကို နဖူးနဲ့ဝင်ဆောင့်တော့ နဖူးကွဲသွားပြီး သေရာပါအမာရွတ်ဖြစ်သွားတာ ကတော့အမှတ်တရပါပဲ။ ငယ်စဉ်ကလေးဘဝတစ်လျှောက်လုံးမှာ မောင်နှမဝမ်းကွဲတွေ၊ သူငယ်ချင်းတွေနဲ့အတူ တော်တော်လေး ကစားမက်ပါတယ်” လို့ ထူးအောင်ကဆိုပါတယ်။

ထူးအောင်က ကျောင်းပညာရေးအနေနဲ့တော့ မူလတန်းနဲ့အလယ်တန်းတွေမှာ သင်္ဃန်းကျွန်းမြို့နယ်မှာ တက်ရောက်ခဲ့သလို အထက်တန်းကျောင်းကိုတော့ မြောက်ဒဂုံမြို့နယ်မှာ တက်ခဲ့တယ်လို့ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ကျောင်းစာကို ပုံမှန်လောက်ပဲကြိုးစားခဲ့ပေမယ့် အထက်တန်းအရွယ်ရောက်လာချိန်မှာတော့ အစ်မဖြစ်သူကို ပြိုင်ဆိုင်ချင်စိတ်နဲ့ စာပိုကြိုးစားဖြစ်တယ်လို့ ဆိုပါတယ်။

“ငယ်ငယ်ကတော့ကျောင်းစာမှာပုံမှန်ပဲ။ အစ်မက ၁၀ တန်းကိုဂုဏ်ထူးလေးခုနဲ့ အောင်သွားတော့ သူ့ကိုပြိုင်ချင်စိတ်နဲ့စာပိုလုပ်ဖြစ်တယ်။ ၁၀ တန်းအောင်တော့ ကျွန်တော်ကဂုဏ်ထူးသုံးခုပဲပါပေမဲ့ အမှတ်တော့ပိုများခဲ့ပါတယ်။ G. T. C ဆက်တက်ပြီး အင်ဂျင်နီယာဘာသာရပ်ကို ဆက်တက်ဖြစ်ခဲ့ပါတယ်။ ဘာဝါသနာပါလို့ယူလိုက်တယ်ဆိုတာထက် အဓိကတော့ မိဘကလုပ်ဆိုတဲ့လမ်းကြောင်းကို လုပ်ဖြစ်လိုက်တာပါ” လို့ ထူးအောင်က ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။

အနုပညာဝါသနာဗီဇနဲ့ပတ်သက်လို့ သရုပ်ဆောင်ထူးအောင်က ငယ်စဉ်မှာ သတိမထားမိဘဲ တက္ကသိုလ်ပြီးဆုံးချိန်လောက်မှသာ သတိပြုမိလာတယ်လို့ဆိုပါတယ်။ အနုပညာခရီးလမ်းအစအနေနဲ့ မော်ဒယ်လ်တစ်ယောက်အဖြစ် လျှောက်လှမ်းခဲ့ပြီး ပြိုင်ပွဲတွေဝင်ဖို့အတွက် Body Building ပိုင်းကို အချိန်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ music video တွေမှာ ပါဝင်ခွင့် ရလာခဲ့ပါတယ်။ နောက်ထပ်အခွင့်အရေးရလာတဲ့အချိန်မှာ သရုပ်ဆောင်တစ်ယောက်အဖြစ် ကြိုးစားခွင့်တွေပါရလာတယ်လို့ ပြောပြခဲ့ပါတယ်။

“မော်ဒယ်လ်လမ်းကြောင်းကနေ သရုပ်ဆောင်ဘက်ကို ၀ါသနာပါပေမဲ့ ဘယ်လိုသွားရမယ်ဆိုတာမသိခဲ့ဘူး။ အဆက်အသွယ်လည်းမရှိဘူးလေ။ ဒီလိုပဲဇာတ်ကားတွေမှာတစ်ခန်းစ နှစ်ခန်းစပါခွင့်ရရင်းက သရုပ်ဆောင်လမ်းကြောင်းပေါ်ကိုရောက်လာတာပါ။ မှတ်မှတ်ရရကတော့ ဇွတ်ကျား ဇာတ်ကားမှာဆို ပရိသတ်တွေကမှတ်မိသွားတယ်။ စစ်ကိုမုန်း၍တိုက်ခဲ့သည်မှာလည်း ပရိသတ်တွေ သတိထားမိခဲ့ကြပါတယ်” လို့ သရုပ်ဆောင်ဘဝအမှတ်တရကို ဆိုပါတယ်။

ထူးအောင်က “ပုဂံမြို့သူ” ဇာတ်လမ်းတွဲမှာတော့ ဗီလိန်ဆန်တဲ့ဇာတ်ရုပ်နဲ့ပါဝင်ခဲ့တာပါ။ ဒီဇာတ်ရုပ်မှာပါဝင်ခွင့်ရခဲ့တာကိုတော့ စိတ်လှုပ်ရှားခဲ့ရသလို ဒါရိုက်တာ အကယ်ဒမီ ကျော်သူရိုက်ကူးတဲ့ ဇာတ်ကားမှာ ပါဝင်ခွင့်ရခဲ့တာဖြစ်လို့ ပိုပြီးအမှတ်တရဖြစ်တယ်လို့ဆိုပါတယ်။ အနုပညာစွမ်းရည် ပြည့်သူတွေ ပါဝင်တဲ့ဇာတ်ကားမှာ လေ့လာသင်ယူရင်း ကြိုးစားခွင့်ရခဲ့တာကြောင့် ပုဂံမြို့သူဇာတ်ကားက အမှတ်တရပါလို့ ထူးအောင်ကဆိုပါတယ်။

ထူးအောင်က ၂၀၁၈ မှာပရိသတ်အားပေးမှုအခိုင်အမာရရှိလာသလို ၂၀၁၉ မှာတော့ အနုပညာလှုပ်ရှားမှုတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်တိုက်လုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။ သရုပ်ဆောင်ထူးအောင်က ၂၀၁၉ ခုနှစ်အတွင်းမှာ ရုပ်ရှင်ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးခဲ့သလို ပျောက်ဆုံးနေတဲ့အမှန်တရားရုပ်သံ ဇာတ်လမ်းတွဲမှာလည်း ဗီလိန်ဆန်တဲ့ ကာရိုက်တာတစ်ခုနဲ့ အပီပြင်ဆုံး ပါဝင်ခဲ့ပါတယ်။ ဒါအပြင် ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲလိုသူတွေအတွက် စနစ်တကျလေ့ကျင့်လမ်း ညွှန်ပေးနိုင်မယ့် Fitness training center တစ်ခုလည်း ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

လူငယ်သရုပ်ဆောင်ထူးအောင်က ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲနဲ့ စိန်ခေါ်မှုတွေကိုတော့ အရှုံးမပေးဘဲ ရင်ဆိုင်မယ်ဆိုတဲ့စိတ်မျိုး အမြဲထားတယ်လို့ဆိုပါတယ်။ နောက်ထပ်ကြုံလာရမယ့်အခက်အခဲနဲ့ စိန်ခေါ်မှုတွေကိုလည်း ဘယ်တော့မှ အရှုံးမပေးဘဲ ဆက်လက်ရင်ဆိုင်ကြိုးစားသွားမယ်လို့ ပြောပြခဲ့ပါတယ်။ အားပေးတဲ့ ပရိသတ်တွေအတွက်တော့ ထူးအောင်က “ကျွန်တော်အများကြီးဆက်ပြီးကြိုးစားသွားပါမယ်။ ကျွန်တော့်ကိုအားပေးကြတဲ့၊ ချစ်ပေးကြတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း အမြဲတမ်းလေ့လာဆည်းပူးနေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သရုပ်ဆောင်ထူးအောင်ရဲ့ ကွဲပြားတဲ့ကာရိုက်တာတစ်ခုနဲ့ သရုပ်ဆောင်ထားမှုကို နိုဝင်ဘာလဆန်းမှာ ရုံတင်ပြသမယ့် ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ကားမှာ အကဲဖြတ်ခံစားအားပေးနိုင်မှာလည်းဖြစ်ပါတယ်။ ထူးအောင်က နောက်ထပ် ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သွားဖို့လည်း ပြင်ဆင်နေပါတယ်။ သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရုံတင်ပြသဖို့ရှိတယ်လို့ဆိုပါတယ်။        

လင်းလင်းခိုင်

 

Most Read

Most Recent