အမြန်လမ်းမကြီး ၁၂၄ မိုင်အနီးအတွင် ရပ်ထားသော မော်တော်ယာဉ်အား ကင်တာယာဉ်က နောက်မှဝင်တိုက်မိပြီး နှစ်လသားအရွယ် မိန်းကလေး တစ်ဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိ

အမြန်လမ်းမကြီး ၁၂၄ မိုင်အနီးအတွင် ရပ်ထားသော မော်တော်ယာဉ်အား ကင်တာယာဉ်က နောက်မှဝင်တိုက်မိပြီး နှစ်လသားအရွယ် မိန်းကလေး တစ်ဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိ
Published 22 October 2019
ဇော်ဝင်းချစ်(တောင်ငူ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၂၄ မိုင်အနီးတွင် အောက်တိုဘာ၂၂ ရက် (ယနေ့) ည ၆ နာရီခွဲခန့်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ကင်တာယာဉ်က ရပ်ထားသော KLUGER အမျိုးအစားမော်တော်ယာဉ်အား ဝင်တိုက်မိရာမှ နှစ်လသားအရွယ် မိန်းကလေးတစ်ဦးသေဆုံးကာ လူ လေးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်းမှသိရသည်။

ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗောဓိကုန်းအမြန် လမ်းမကြီး မီးသတ်စခန်းတာဝန်ခံ လ/ထဦးစီးမှူးကိုပြည့်ဖြိုးအောင်က “ရှေ့မှာရပ်ထားတဲ့ KLUGER ကို နောက်ကနေ တိုယိုတာ ကန်တာကဝင်တိုက်မိတာ၊ ရှေ့က KLUGER ကတော့ ကျား(၄) ယောက်၊မ(၄) ယောက်ပါတာ ကျား တစ်ယောက် မ(၃) ယောက် ဒဏ်ရာရရှိတယ် ကလေးမတစ်ယောက်ကတော့ ဆေးရုံမှာဆုံးသွားတယ်၊ ရှေ့မှာက ၄ ဦး ဒဏ်ရာရတဲ့အထဲမှာမှ ကလေးမတစ်ဦး ဆုံးတယ်ပေါ့၊ နောက်က ကားကကျတော့ ကျား ၂ ယောက်ပါတာမှာ ကျား တစ်ယောက် ဒဏ်ရာရရှိတယ်၊ သူတို့ကို ဖြူးဆေးရုံကို ပို့လိုက်ပါတယ်၊ ဒဏ်ရာရတဲ့လူတွေ အခြေအနေကတော့ အသက်အန္တရယ် စိုးရိမ်ရတဲ့အနေအထားတော့ မရှိပါဘူး၊ ဖြစ်တဲ့အချိန်က ၆ နာရီ ၅၀ လောက်ပေါ့” ဟုပြောကြားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ (၂၂)ရက် နေ့ ညနေ ၆ နာရီခွဲအချိန် ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ကိုအောင်တင်ဝင်း မောင်းနှင်ပြီး ကျား(၄)ဦး၊ နှစ်လသားအရွယ် မိန်းကလေးတစ်ဦး အပါအဝင် မ(၄)ဦး၊ စုစုပေါင်း ၈ ဦး လိုက်ပါလာ သော1G/---KLUGER အနက်ရောင်မော်တော်ယာဉ်သည် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၂၄ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံအကြား သို့ အရောက်၌ ယာဉ်၏အချက်ပြမီးပြ၍ လမ်းဘေးမြေသားလမ်းပေါ် တွင်ရပ်ထားခဲ့ကြောင်း၊ ထိုသို့ ရပ်ထားစဉ် နောက်မှလားရာတူအတိုင်း ယာဉ်မောင်း ကိုမောင်မိုး မောင်းနှင်လာသော ယာဉ်အမှတ်2A/--- Canter အမျိုး အစားမော်တော်ယာဉ်က အရှိန်မထိန်းနိုင်ပဲ KLUGER အနက်ရောင် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့တိုက်မိပြီးနောက် ကန်တာမော်တော်ယာဉ်မှာ လမ်းမအနောက်ဘက်ခြမ်းမှ လမ်းမအရှေ့ဘက်ခြမ်းသို့ ရောက်ရှိသွားခဲ့ပြီး လမ်းအရှေ့ဘက်ခြမ်းရှိ အမြန်လမ်းမကြီးအား ကာရံထားသော ရှိန်းလိပ်သံဇကာ(၉)ခန်းအား ထပ်မံဝင်ရောက် တိုက်မိခဲ့ကြောင်းသိရသည်။ယာဉ်မတော်တဆမှုဖြစ်ပွားရာသို့ ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းမှတာဝန်ရှိသူများ၊ ဗောဓိကုန်အမြန်လမ်းမီးသတ်စခန်းမှတာဝန်ရှိသူ များက သွားရောက်စစ်ဆေးခဲ့ရာ KLUGER အနက်ရောင်မော်တော် ယာဉ်ပေါ်ပါ လူ ၈ ဦးအနက် နှစ်လသားအရွယ် မိန်းကလေးတစ်ဦးအပါအဝင် မ(၄)ဦးနှင့် ကန်တာယာဉ်ပေါ်မှ အမျိုးသား(၁)ဦး၊စုစုပေါင်း ၅ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိသွားသဖြင့် ဖြူးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးထားစဉ် နှစ်လသားအရွယ် မဆုမြတ်သီရိဖူးမှာ ယာဉ်မတော်တဆမှုဖြစ်ပွားစဉ်ရရှိခဲ့သော ဒဏ်ရာဖြင့်သေဆုံးသွားခဲ့ကြောင်း၊ ကျန်သော ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက်အန္တရယ်စိုးရိမ်ရသော အခြေအနေမရှိပဲ ဖြူးဆေးရုံတွင် အတွင်းလူနာများအဖြစ်ဆေးကုသမှုခံယူလျှက်ရှိကြောင်း၊ ယာဉ်တိုက်မှုကြောင့် KLUNGER မော်တော်ယာဉ်မှာ နောက်ပိုင်း ပိန်ချိုင့်ပျက်စီးသွားခဲ့ပြီး ကန်တာယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ဦးခေါင်းပိုင်းပိန်ချိုင့်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်းဗောဓိကုန်း အမြန်လမ်းမကြီးရဲစခန်း၏ ရဲမှတ်တမ်းများအရသိရသည်။အဆိုပါယာဉ်မတော်တဆမှုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်ပေါ့ဆစွာမောင်းနှင်ပြီး လူသေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိအောင်မောင်းနှင်သည့် ကန်တာ ယာဉ်မောင်း မောင်မိုးအား ဥပဒေအရ အရေး ယူပေးရန် ရဲအုပ်သန်းထွန်းနိုင်က တရားလိုလုပ်တိုင်တန်းသဖြင့် ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းမှယာဉ်(ပ) ၂၈ /၂၀၁၉၊ရာဇသတ်ကြီး ပုဒ်မ၂၇၉/၃၃၇/၃၃၈/၃၀၄-က အရ အမှုဖွင့်ထားကြောင်းနှင့် အမြန် လမ်းမကြီး အင်္ဂါရပ်များ ပျက်စီးဆုံးရှုံးမှုအတွက် အမြန်လမ်းမကြီး (ပြင်/ ထိန်း)အဖွဲ့မှတိုင်စာပေး ပို့တိုင်တန်းလာပါက အမြန်လမ်းမကြီး ဥပဒေ ပုဒ်မ ၁၉ ဖြင့် ဆက်လက်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်းမှသိရသည်။

Most Read

Most Recent