မြို့ပြအမြန်ရထား လက်မှတ်ခများ စျေးတက်ခဲ့မှုအတွက် အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ခဲ့ပြီးနောက်တစ်ရက်အကြာတွင် ချီလီသမ္မတ ဆီဘတ်စတီယန်ပီညဲရာက အောက်တိုဘာ ၁၉ တွင် အရေးပေါ်အခြေ အနေကြေညာခဲ့ပြီး လုံခြုံရေးတာဝန်ကို စစ်ဘက်သို့ လွှဲပြောင်းပေးခဲ့သည်။
မြို့တော်ဆန်တီယေဂို၏နေရာအများ စုတွင် ဆန္ဒပြသူများနှင့်အဓိကရုဏ်းနှိမ်နင်း ရေးရဲများ ပဋိပက္ခ ဖြစ်ခဲ့ပြီး ဘူတာရုံများ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ခဲ့ပြီးနောက် မြေအောက်ရထားစနစ်ကို အောက်တိုဘာ ၁၉ တွင် ပိတ်ပစ်ခဲ့ရသည်။
ဆန်တီယေဂို၌ နှစ်ပေါင်းများစွာအတွင်း အဆိုးဆုံးသော အကြမ်းဖက်မှုများ ဖြစ် ခဲ့ပြီး ဆန္ဒပြမှုများအတွင်း ဘတ်စ်ကား ၁၆ စီး ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကာ မြေ အောက်ဘူတာရုံ တစ်ဒါဇင်ခန့်လည်း လုံးဝ ဖျက်ဆီးခံခဲ့ရသည်။
ညသန်းခေါင်အချိန်တွင် သမ္မတပီညဲရာက အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ဗိုလ်ချုပ် ယာဗီရာအီတာရီရာဂါဒဲကမ်ပိုအား အမျိုးသားကာကွယ်ရေးဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။
အရေးပေါ်အခြေအနေသည် ကနဦးတွင် ၁၅ ရက်ကြာမည်ဖြစ်ပြီး လွတ်လပ်စွာ စုဝေးလှုပ်ရှားမှုများကို ကန့်သတ်မည်ဖြစ်သည်။ စစ်တပ်သည် လူဦးရေ ၇ သန်းရှိ သောမြို့တော်၏ဆူပူနေသော နေရာများကို ကင်းလှည့်မည်ဖြစ်သော်လည်း လောလောဆယ်တွင် ကာဖျူးပြဋ္ဌာန်းမည် မဟုတ်ကြောင်း ဗိုလ်ချုပ် အီတာ ရီရာဂါဒဲကမ်ပိုက ပြောကြားခဲ့သည်။
မြို့လယ်တွင် ရှိသော လျှပ်စစ်ဓာတ် အားကုမ္ပဏီများဖြစ်သည့် ENEL Chile Power နှင့် Banco Chile ရုံးချုပ်များကို မီး ရှို့ဖျက်ဆီးမှုများ ရှိခဲ့ပြီးမြေအောက်ဘူတာရုံ များလည်း မီးလောင်ဗုံးနှင့်ပစ်ရှို့ခံခဲ့ရသည်။
လူစည်ကားချိန် ခရီးသွားမှုအတွက် ရထားလက်မှတ်စျေးကို ၁.၁၃ ဒေါ်လာမှ ၁.၁၇ ဒေါ်လာသို့ တက်ခဲ့ပြီးနောက် ကျောင်းသားများက အဓိက ဦးဆောင်ပြီး စတင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ပီဆိုငွေ တန်ဖိုးကျပြီး ရေနံစျေးမြင့်တက်မှုကြောင့် ရထားလက်မှတ်စျေးများ မြှင့်တင်ခဲ့ရသည်ဟုဆိုသည်။
မကြာမီရက်များကတည်းက ဆန္ဒပြမှုများ ရှိခဲ့သော်လည်း အောက်တိုဘာ ၁၈ တွင် အရှိန်မြင့်လာခဲ့ခြင်း ဖြစ်သည်။ စီးပွားရေးနှေးကွေးနေချိန်တွင် ချီလီပြည်သူများ အကြား မကျေနပ်မှုကို ရထားလက်မှတ်စျေး တက်မှုက ဆွပေးခဲ့သည်။ ဆန္ဒပြသူများက အလုပ်အကိုင်စျေးကွက် ပြုပြင်ပြောင်းလဲမှု များ၊ အခွန်ဥပဒေနှင့် ပင်စင်စနစ်ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြသည်။
လူဦးရေသိပ်သည်းပြီး လေထုညစ်ညမ်းသည့် ဆန်တီယေဂိုမြို့တွင် မြေအောက် ရထားစနစ်သည် အရေးပါသော သယ်ယူပို့ ဆောင်ရေးတစ်ခုဖြစ်ပြီး တစ်ရက်လျှင် ခရီးသည် သုံးသန်းကို သယ်ပို့ပေးနေသည်။
ဘူတာရုံ ၁၆၄ ခုစလုံး လိုလိုတွင် ဂိတ်တံခါးများ၊ အဝင်အထွက်ပေါက်များ ဖျက် ဆီးခံရပြီးနောက် ခရီးသည်များနှင့်အလုပ် သမားများ၏ လုံခြုံရေးအခြေအနေ အတွက် ရထားကွန်ရက်တစ်ခုစလုံးကို ပိတ်ထားကြောင်း ဆန်တီယေဂိုမက်ထရိုက ကြေညာ ခဲ့သည်။ ဆန်တီယေဂို မြေအောက်ရထား စနစ် သည် မိုင် ၉၀ အရှည်ရှိပြီး တောင်အမေရိကတွင် အကြီးဆုံးနှင့်ခေတ်အမီဆုံး ရထားကွန်ရက် ဖြစ်သည်။














