အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်ဖြေရှင်းမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ပြောကြား

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်ဖြေရှင်းမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ပြောကြား
 အောက်တိုဘာ ၁၆ ရက်တွင် KCNA က ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌ Paektu တောင်သို့တက်ရန် မြင်းဖြူစီးနေသည့် ကင်ဂျုံအွန်ကို တွေ့ရစဉ်
အောက်တိုဘာ ၁၆ ရက်တွင် KCNA က ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌ Paektu တောင်သို့တက်ရန် မြင်းဖြူစီးနေသည့် ကင်ဂျုံအွန်ကို တွေ့ရစဉ်
Published 16 October 2019
Ref: AFP

မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်ဖြေရှင်းမည်ဟု မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ထုတ်ပြန်ခဲ့ပြီး ယင်းပြောကြားချက်နှင့်အတူ သမိုင်းကြောင်းကို ပြန်လည်အမှတ်ရစေမည့် မြင်းဖြူစီးနေသော ကင်၏ ၀ါဒဖြန့်ဓာတ်ပုံများကို KCNA က အောက်တိုဘာ ၁၆ ရက်တွင် ပူးတွဲဖော်ပြခဲ့သည်။

KCNA ကဖော်ပြခဲ့သော ဓာတ်ပုံများထဲတွင် ခေါင်းဆောင်ကင်သည် နှင်းများဖြင့် ဖုံးလွှမ်းနေသော Paektu တောင်သို့ တက်ရန် မြင်းဖြူစီးနေသည့်ပုံကို တွေ့မြင်ခဲ့ရသည်။ Paektu တောင်နှင့် မြင်းဖြူသည် မြောက်ကိုရီးယားနိုင်ငံအား ကင်မိသားစု၏ အစဉ်အဆက် အုပ်ချုပ်စိုးစံမှုနှင့် နှီးနွှယ်နေသော အမှတ်သင်္ကေတများဖြစ်ကြသည်။

မြောက်ကိုရီးယားမှတ်တမ်းများအရ ကင်ဂျုံအွန်၏ အဘိုးဖြစ်သူ မြောက်ကိုရီးယားနိုင်ငံထူထောင်သူ ကင်အီဆွန်းသည် ကိုရီးယားကျွန်းဆွယ်ကို ဂျပန်ကိုလိုနီတို့ အုပ်စိုးခဲ့သော ၁၉၁၀-၄၅ ခုနှစ်အတွင်း Paektu တောင်စောင်းများတွင် ဂျပန်နှိမ်နင်းရေးတပ်ဖွဲ့ အခြေစိုက်စခန်းတစ်ခုကို ထားရှိခဲ့ပြီး ဂျပန်ကိုလိုနီများကို တိုက်ခိုက်ရာတွင်လည်း ကင်အီဆွန်းက မြင်းဖြူစီး၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ကိုရီးယားကျွန်းဆွယ်၏ အမြင့်ဆုံးတောင်ဖြစ်သော တောင်ကို မြောက်ကိုရီးယားနိုင်ငံသားများက အလေးအမြတ်ထားကြသည်။ ခေါင်းဆောင်ကင်သည် ၂၀၁၃ ခုနှစ်တွင် သြဇာတိက္ကမရှိသော ၎င်း၏ဦးလေးဖြစ်သူကို ကွပ်မျက်ခြင်း၊ ၂၀၁၈ ခုနှစ်တွင် ဆိုးလ်၊ ၀ါရှင်တန်နှင့် ဆက်ဆံရေးပြေလည်စေရန် ဆောင်ရွက်ခြင်းစသော အရေးကြီးသည့်ကိစ္စရပ်များ မလုပ်ဆောင်မီ  Paektu တောင်သို့ သွားရောက်ခဲ့ဖူးသည်။ ခုနစ်လကျော်ကာလအတွင်း လုပ်ဆောင်ခဲ့သော အမေရိကန်-မြောက်ကိုရီးယားညှိနှိုင်း ဆွေးနွေးပွဲများ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ကင်၏ပြောကြားချက်များနှင့် ဓာတ်ပုံများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

မတိုးသာ မဆုတ်သာအခြေအနေဖြစ်နေသည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို အဖတ်ဆယ်ရန် လာမည့်ဒီဇင်ဘာလကုန်မတိုင်မီအထိ ၀ါရှင်တန်အနေဖြင့် ကမ်းလှမ်းချက်အသစ်များနှင့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ကင်က တောင်းဆိုထားခြင်းကြောင့် အမေရိကန်နှင့်ဆက်ဆံရေးတွင် ကင်သည် နည်းဗျူဟာသစ်များကို စဉ်းစားနိုင်ဖွယ်ရှိကြောင်း တောင်ကိုရီးယား သတင်းမီဒီယာက သုံးသပ်ထားသည်။

ကင်သည် Paektu တောင်အနီး ဆမ်ဂျီယွန်ကောင်တီတွင်ရှိသော ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့လည်း သွားရောက်ခဲ့ပြီး နိုင်ငံ၏ နျူကလီးယားလက်နက်အစီအစဉ်များကြောင့် အမေရိကန်နှင့် ကုလသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများ ချမှတ်ခံရခြင်းနှင့်ပတ်သက်၍ မကျေနပ်ကြောင်း ပြောကြားခဲ့သည်။

“ဖြေလျှော့ခြင်းမရှိတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ၊ ရန်လိုတဲ့ အင်အားစုတွေရဲ့ဖိအားကြောင့် နိုင်ငံရဲ့အခြေအနေက ခက်ခဲနေပြီးတော့ ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် အဲ့ဒီအခက်အခဲတွေကြားကနေပဲ ကျွန်တော်တို့ ပြည်သူတွေက ပိုပြီးကြံ့ခိုင်လာကြတယ်။ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို ကိုယ်တိုင်ရှာတွေ့ခဲ့ကြတယ်။ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲဆိုတာ သင်ယူခဲ့ကြတယ်” ဟု ကင်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ စီးပွားရေးပိတ်ဆို့အရေးယူမှု စုစုပေါင်း  ၁၁ ခုထိ ချမှတ်ခံထားရသည်။

 

 

Most Read

Most Recent