ကမ္ဘာတစ်ဝန်းရှိ ငါးနှစ်အောက် ကလေးငယ် သန်း ၇၀၀ နီးပါး၏သုံးပုံတစ်ပုံသည် အာဟာရချို့တဲ့နေ သို့မဟုတ် ကိုယ်အလေးချိန်သတ်မှတ်ချက်ထက် လွန်နေသူများ ဖြစ်ကာ တစ်သက်တာနှင့်ချီသော ကျန်း မာရေးပြဿနာများကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂကလေးများဆိုင်ရာအဖွဲ့ ယူနီဆက်ဖ်က အောက်တိုဘာ ၁၅ တွင် ထုတ်ပြန်ခဲ့သည်။
“ကလေးတွေဟာ ကောင်းကောင်းမွန် မွန်မစားရရင် ရှင်သန်ရတာလည်း ကောင်းမွန်မှာ မဟုတ်ပါဘူး” ဟု ယူနီဆက်ဖ်၏အမှုဆောင်ဒါရိုက်တာ ဟင်နရီတာဖိုရီက ပြောကြားခဲ့သည်။ ယူနီဆက်ဖ်သည် ၁၉၉၉ ခုနှစ် နောက်ပိုင်း ပထမဆုံးကမ္ဘာ့ကလေးများ အခြေ အနေအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။ “ကျန်းမာရေးနှင့် ညီညွတ်တဲ့ စား သောက်မှုအတွက် တိုက်ပွဲမှာ ကျွန်တော်တို့ ရှုံးနေပါတယ်” ဟု ဟင်နရီတာဖိုရီက ပြောကြားခဲ့သည်။
တစ်ချိန်က ဆင်းရဲသော နိုင်ငံများတွင် ရင်ဆိုင်ခဲ့ရသော ပြဿနာများသည် ယနေ့အချိန်တွင် ဆင်းရဲသောနိုင်ငံများနှင့်ဝင်ငွေ အလယ်အလတ်နိုင်ငံများ၌ ပေါင်းရုံးရင်ဆိုင်နေရသည်ဟု ယူနီဆက်ဖ်၏အစီရင်ခံစာက ဖော်ပြခဲ့သည်။
၁၉၉၀ ပြည့်မှ ၂၀၁၅ ခုနှစ်အတွင်း ဆင်းရဲသောနိုင်ငံများတွင် အာဟာရချို့တဲ့ မှု ၄၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သော်လည်း လေးနှစ်နှင့်အောက် ကလေးငယ် ၁၄၉ သန်း သည် အသက်အရွယ်နှင့်နှိုင်းစာပါက အရပ် ပုလွန်းနေကြောင်း ထိုအခြေအနေသည် ဦး နှောက်နှင့်ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုကို ထိခိုက်စေ ကြောင်း အစီရင်ခံစာက ဆိုသည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာတစ်ဝန်းမှ ငါးနှစ်အောက် ကလေးငယ်အားလုံး၏ထက် ဝက်နီးပါးသည် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များကို မရရှိကြကြောင်း ယူနီ ဆက်ဖ်က ထောက်ပြခဲ့သည်။ ပြီးခဲ့သည့် နှစ် ၃၀ အတွင်း ဖွ့ံဖြိုး ဆဲကမ္ဘာတွင် ကလေးငယ် များ ရင်ဆိုင်ရသော အာဟာရချို့တဲ့မှုပုံစံ တစ်မျိုးမှာ အဝလွန်မှု ဖြစ်သည်။
“အာဟာရချို့တဲ့မှု၊ အရေးကြီးအာဟာ ရ မရရှိမှု၊ အဝလွန်မှု စတဲ့ ဝန်ထုပ်ဝန်ပိုးသုံး မျိုးကို တစ်နိုင်ငံတည်းမှာ တွေ့ရတာမျိုး မြင့် တက်လာပါတယ်။ တစ်ခါတလေ တူညီတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ တွေ့ရတတ်တယ်။ အိမ်ထောင်စုတစ်ခုတည်းမှာ တွေ့ရတာမျိုး တောင်ရှိတယ်” ဟု ယူနီဆက်ဖ်၏အာဟာရ ဆိုင်ရာတာဝန်ခံ ဗစ်တာအာဂူအာယိုက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းမှ အသက်အရွယ်မျိုးစုံ အုပ်စုအားလုံးတွင် သန်း ၈၀၀ ကျော်သည် ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရပြီး နောက်ထပ် နှစ်ဘီလျံသည် စားသောက်မှု မှားယွင်းနေကြသဖြင့် အဝလွန်မှုကို ကြုံနေ ရကြောင်း ထိုမှတစ်ဆင့် ဆီးချို၊ နှလုံးရောဂါ တို့ကို ခံစားကြရကြောင်း ယူနီဆက်ဖ်က သုံး သပ်ခဲ့သည်။
အသက် ငါးနှစ်အောက် ကလေးများ တွင် မွေးပြီးနောက် ပထမရက် ၁၀၀၀ အ တွင်း စားသောက်မှုပုံစံသည် ကိုယ်ခန္ဓာ ကျန်းမာရေးနှင့်စိတ်ပိုင်း ဖွံ့ဖြိုးမှုအတွက် အခြေခံဖြစ်သည်။ သို့သော်လည်း အသက် ခြောက်လအောက် ကလေးငါးဦးတွင် နှစ်ဦး သာ မိခင်နို့ သောက်ကြရသည်။ ကမ္ဘာတစ် ဝန်းတွင် ကလေးနို့မှုန့် ရောင်းချရမှုသည် ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဘရာဇီး၊ တရုတ်၊ တူရကီ ကဲ့သို့ ဝင်ငွေအလယ်အလတ်တန်း အထက်ပိုင်း နိုင်ငံများတွင် ကလေးနို့မှုန့် ရောင်းချရမှုသည်ရ၅ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်ဟုဆိုသည်။
အဝလွန်မှုကဲ့သို့ ပြဿနာသည် လွန်ခဲ့ သော နှစ် ၃၀ က ဆင်းရဲသော နိုင်ငံများတွင် မရှိသလောက် ဖြစ်ခဲ့သော်လည်း ယနေ့အချိန်တွင် ဝင်ငွေနိမ့်နိုင်ငံများမှ ငါးနှစ်အောက် ကလေး ၁၀ ရာခိုင်နှုန်းထက်မနည်းသည် အဝလွန်နေကြသည်။ လွယ်လင့်တကူ ရသော စျေးချိုသည့် အမြန်ပြင် အစားအစာများက ပြဿနာကို ပိုဆိုးစေကြောင်း အချိန်မနှောင်းခင် အဝလွန်ပြဿနာကို အာရုံစိုက် ဖြေရှင်း ရန် လိုအပ်ကြောင်း ယူနီဆက်ဖ်အစီရင်ခံစာ၏အယ်ဒီတာချုပ် ဘရိုင်ရန်ကီးလေးက ပြော ကြားခဲ့သည်။














