ရှမ်းမြောက်ဒေသခံများက ရေကာတာ စီမံကိန်းများကို မည်မျှပင် ကန့်ကွက်သော်လည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုပြီးဖြစ်သဖြင့် မည်သို့မျှမတတ်နိုင်ကြောင်း သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ရှမ်းမြောက်ဒေသခံများက ရေကာတာ စီမံကိန်းများကို မည်မျှပင် ကန့်ကွက်သော်လည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုပြီးဖြစ်သဖြင့် မည်သို့မျှမတတ်နိုင်ကြောင်း သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပြောကြား
သီပေါမြို့နယ် တာလုံကျေးရွာတွင် ရေကာတာစီမံကိန်းအလိုမရှိကြောင်း စာတမ်းချိတ်ဆွဲထားသည့် နေအိမ်တစ်လုံးကို တွေ့ရစဉ် (ဓာတ်ပုံ-သီပေါဒေသခံ)
သီပေါမြို့နယ် တာလုံကျေးရွာတွင် ရေကာတာစီမံကိန်းအလိုမရှိကြောင်း စာတမ်းချိတ်ဆွဲထားသည့် နေအိမ်တစ်လုံးကို တွေ့ရစဉ် (ဓာတ်ပုံ-သီပေါဒေသခံ)
Published 12 October 2019
စည်သာ(တောင်ကြီး)

ရှမ်းမြောက်ဒေသခံများက ရေကာတာစီမံကိန်းများကို မည်မျှပင်ကန့်ကွက်သော်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်များက အတည်ပြုပြီးဖြစ်သဖြင့် မည်သို့မျှ မတတ်နိုင်ကြောင်း ရှမ်းပြည်နယ်လွှတ်တော် သီပေါမြို့နယ်မဲဆန္ဒနယ်(၁)ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားသည်။

ရှမ်းမြောက်ဒေသခံများက ကန့်ကွက်နေကြသည့် စီမံကိန်းဖြစ်သော သီပေါမြို့နယ် နမ္မမြစ်ပေါ်တွင် ၂၅ မဂ္ဂါဝပ် အသေးစား ရေအားလျှပ်စစ်စက်ရုံအတွက် ကနဦးလေ့လာ ဆန်းစစ်ခြင်းများ ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ကုမ္ပဏီတို့အကြား MoU လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့ပြင် တာလုံကျေးရွာတွင်ရှိသော ရေအားလျှပ်စစ်စီမံကိန်းသည်လည်း လုပ်ငန်းဆောင်ရွက်နေသည်မှာ ရာခိုင်နှုန်း ၄၀ ကျော် ပြီးစီးနေပြီဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်  နမ္မမြစ်ပေါ်တွင် ရေကာတာတည်ဆောက်လျှင် ကျေးရွာများ ရေနစ်မြုပ်နိုင်သဖြင့် ရွာ ပေါင်းများစွာ ကန့်ကွက်နေကြသော်လည်း အဆိုပါ ၂၅ မဂ္ဂါဝပ်ထွက်ရှိမည့် အသေးစား ရေအားလျှပ်စစ်စက်ရုံ ရေကာတာတည် ဆောက်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့် UNIENERGY ကုမ္ပဏီတို့သည် သြဂုတ်လလယ်တွင် လုပ်ငန်းဆန်းစစ်လေ့ လာခြင်း သဘောတူညီမှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခဲ့ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ ရှမ်းပြည်နယ်အတွင်းရှိ အသေးစားလျှပ်စစ်ဓာတ်အား စီမံကိန်းလုပ်ငန်းများ နှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ဆောင် ရွက်နေမှုကို ရှမ်းပြည်နယ်လွှတ်တော်တွင် မိုင်းရှူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က မေး ခွန်းမေးမြန်းခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးဦးစိုင်း ရှဲန်တစ်လုံက လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“နောက်တစ်ခုက UNIENERGY ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် နမ့်မချောင်း နမ္မရေအားလျှပ် စစ် စီမံကိန်း ၊ ၂၅ မဂ္ဂါဝပ် ဖော်ဆောင်ဖို့ MoU ရေးထိုးထားခြင်း ရှိပါတယ်။ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကိစ္စ ရပ်များကိုလည်း အများပြည်သူ သိရှိနားလည် စေရန် ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားလိုပါတယ်” ဟု လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန် တစ်လုံက ပြောကြားသည်။

“အဲဒီ သီပေါမြို့နယ် နမ္မချောင်းက UNIENERGY နဲ့ အစိုးရ လက်မှတ်ရေးထိုးတာ တာလုံကျေးရွာတော့မဟုတ်ဘူး။ ထိုင်းလိုင် ကျေးရွာမှာလုပ်တာ။ သူတို့လက်ရှိတော့ လျှပ် စစ်ဖြစ်နိုင်ခြေ ကနဦးစစ်ဆေးတာပဲ လုပ်နေတယ်။ ကျေးရွာသားတွေ ကန့်ကွက်တယ်။ အခုထိ သဘောတူညီမှုမရဘူး။ အခုသေးတာပဲဖြစ်ဖြစ် ကြီးတာပဲဖြစ်ဖြစ် ကျေးရွာသားတွေ က ကန့်ကွက်တယ်။ တာလုံကလည်း လက်မှတ်ထိုးပြီးလို့ လုပ်ငန်းဆောင်ရွက်နေတာ ၄၀ ရာခိုင်နှုန်းကျော်ကျော် ပြီးစီးပြီထင်တယ်။ အခု ယူနီအန်နာဂျီဆိုတာ ကနဦးလေ့လာ ဆန်းစစ်ချက်ပဲ ဘာမှမလုပ်ရသေးဘူး။ တာလုံကြောင့် ဘယ်လိုဖြစ်သွားနိုင်လဲဆိုတော့ ဆာဗေးအရ တစ်ရွာပဲဖြစ်မယ်လို့ပြောတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့ ကန့်ကွက်တယ်။ ဘယ်လောက်ပဲအော်အော် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေက အတည်ပြုပြီးပြီဆိုတော့ ကျွန်မတို့က ဘာမှမတတ်နိုင်ဘူး” ဟု သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးကပြောကြားသည်။

ဦးစိုင်းလင်းမြတ် မေးမြန်းသည်မှာ အသေးစား လျှပ်စစ်ဓာတ်အားစီမံကိန်းလုပ်ငန်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံနှင့် အခြားနည်းလမ်းတို့ဖြင့် ထုတ်ယူနေသော လျှပ်စစ်ဓာတ်အားပေးစက်ရုံတို့ အရေအတွက်နှင့် EIA/SIA လုပ်ငန်းဆောင် ရွက်ချက်များ ပြည်သူလူထုကို ပွင့်လင်းမြင် သာစွာ ချပြရှင်းလင်း ဆောင်ရွက်ထားခြင်း ရှိ မရှိတို့ကို မေးမြန်းခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ဖြေကြားသည်မှာ ရှမ်းပြည်နယ်တွင် အသေးစားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှာ၊ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးထားပြီး အသေးစိတ် စူးစမ်းလေ့လာနေသော လုပ်ငန်းပေါင်း ၂၉ ခုနှင့် လုပ်ငန်းသဘောတူ MoA လက်မှတ်ရေးထိုးပြီးတဲ့ လုပ်ငန်းပေါင်း ကိုးခုရှိပါ ကြောင်း၊ မြေငှားရမ်းဆောင်ရွက်သော လုပ်ငန်း ရှစ်ခုရှိပြီး စုစုပေါင်း လုပ်ငန်း ၄၆ ခု ရှိကာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံတစ်ခုရှိပြီး နားလည်မှုစာချွန်လွှာ ရေးထိုးထားပြီး အသေးစိတ် စူးစမ်းလေ့လာ ဆောင်ရွက်နေသော ဇီဝလောင်စာသုံးစက်ရုံ လုပ်ငန်းတစ်ခု၊ ဆိုလာပြားနေရောင်သုံးလျှပ် စစ်ဓာတ်အားပေးဖြန့်ဖြူးခြင်းအတွက် နား လည်မှုစာချွန်လွှာ MoA ရေးထိုးပြီး အသေးစိတ်ဆောင်ရွက်နေသော လုပ်ငန်းတစ်ခု၊ မြေအောက်အပူစွမ်းအင်ဖြင့် လျှပ်စစ်လုပ်ငန်း အတွက် နားလည်မှုစာချွန်လွှာ MoA ရေးထိုးထားပြီး အသေးစိတ် စူးစမ်းလေ့လာ ဆောင်ရွက်နေသော လုပ်ငန်းတစ်ခု စုစုပေါင်း အခြားနည်းလမ်းတို့ဖြင့် ထုတ်ယူနေသော လုပ်ငန်းသုံးခုရှိပြီး EIA/SIA လုပ်ငန်းဆောင်ရွက်ချက်များ ပြည်သူလူထုကို ပွင့် လင်းမြင်သာစွာ ချပြရှင်းလင်း ဆောင်ရွက် ထားခြင်းရှိပါကြောင်း ဖြေကြားခဲ့သည်။

 

 

Most Read

Most Recent