အများအကျိုးအတွက် ဆောင်ရွက်နေ xxx ပရဟိတ လုပ်ငန်းတွေ xxx ကိုယ်ကျိုး ကို သူတကယ်စွန့်လို့ ထမ်းရွက်ခဲ့ပုံတွေ xxx ဘာသာသာသနာပွဲနဲ့ အလှူပွဲတွေများစွာ မကျန်ပေ xxx ရှေ့ဆုံးကနေ ပရဟိတ အကျိုးတော်ဆောင်ကြီးတွေ။
ရန်ကုန်မြို့ရဲ့ ရပ်ကွက်တိုင်းမှာ တေးသံရှင်ဝေမိုးသီဆိုထားတဲ့ “ပရဟိတ အကျိုး တော်ဆောင်” သီချင်းသံကြားရင် ၀ါတွင်းကာလရောက်ပြီလို့တောင် ပြောလို့ရပါတယ်။
၀ါတွင်းကာလအတွင်း တစ်ပတ်တစ်ခါ သံဃာတော်တွေကို အရုဏ်ဆွမ်းလောင်းလှူ ဖို့အတွက် ရပ်ကွက်ထဲမှာ လိုက်လံအလှူခံ ကြပါတယ်။
ဒီလိုအလှူခံရာမှာ အများစုက တေးသံရှင် ဝေမိုးရဲ့ “ပရဟိတ အကျိုးတော်ဆောင်” သီချင်းကို အများဆုံးဖွင့်ပြီး အလှူခံကြတဲ့ အတွက် အဲဒီသီချင်းဟာ ၀ါတွင်းကာလမှာ ထင်ရှားတဲ့ အမှတ်အသားတစ်ခု ဖြစ်လာပါတယ်။
၀ါတွင်းကာလအတွင်း သံဃာတော်တွေကို အရုဏ်ဆွမ်းလောင်းလှူရာမှာ ရပ်ကွက်တစ်ခုနဲ့ တစ်ခုက လောင်းတဲ့ရက် မတူကြပါဘူး။ ရပ်ကွက်အလိုက် သူတို့သတ်မှတ်ထားတဲ့ ရက်အတိုင်း တစ်ပတ်တစ်ခါ သံဃာတော်တွေကို အရုဏ်ဆွမ်း လောင်းလှူနေကြတာဖြစ်ပါတယ်။
များသောအားဖြင့် အစိုးရ ရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ လောင်းလှူလေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုံးပိတ်ရက်မှာ လုပ်အားပေးမယ့် သူတွေများတဲ့အတွက် ကုသိုလ်အရေးကို အုပ်စုလိုက် တက်ကြွစွာ ဆောင်ရွက်နိုင်တာကြောင့်လည်း ဖြစ်ပါတယ်။
အပတ်စဉ် တနင်္ဂနွေလိုနေ့မျိုးမှာ ဆွမ်းလောင်းတဲ့ ရပ်ကွက်တွေကတော့ စနေနေ့ ဆို ရပ်ကွက်ထဲလိုက်လံ အလှူခံထွက်ကြပါတယ်။ စနေညမှာတော့ ရပ်ကွက်ထဲက ဓမ္မာရုံမှာ ဆွမ်းနဲ့ဆွမ်းဟင်းတွေကို ချက်ပြုတ်ပြီး နံနက်အရုဏ်ချိန်မှာ ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို လောင်းလှူကြတာ လည်း ဖြစ်ပါတယ်။
ဒီလို နံနက်အရုဏ်တက်အချိန် သံဃာတော်တွေကို ဆွမ်းလောင်းရာမှာ အချို့ရပ်ကွက်တွေက ဓမ္မာရုံတွေဟာ အသံချဲ့စက်နဲ့ သီချင်းဖွင့်ပြီး လောင်းလှူကြတဲ့အတွက် အလုပ်ပိတ်ရက်မှာ ကောင်း ကောင်းမွန်မွန် အိပ်စက်ချင်ကြတဲ့ ဝန်ထမ်းတွေအဖို့ စိတ်ငြိုငြင်စရာတွေ ဖြစ်လာရပါတယ်။
ဘာသာ၊ သာသနာရေးအတွက် လုပ်ဆောင်နေကြတယ်ဆိုပေမဲ့ တကယ်အိပ်ကောင်းတဲ့အချိန် နံနက် ၄ နာရီလောက်မှာ သီချင်းတွေကို တစ်ရပ်ကွက်လုံးကြားအောင် အသံချဲ့စက်နဲ့ ဖွင့်ထားတာကြောင့် ရပ်ကွက် ထဲက လူတွေအဖို့ ကောင်းကောင်းအိပ်စက်အနားယူလို့ မရတာတွေ ရှိလာပါတယ်။
၀ါတွင်းကာလတွင် ဆွမ်းလောင်းဓမ္မာ ရုံတွေကနေ တစ်ပတ်တစ်ကြိမ် ထွက်ပေါ်လာတဲ့ အသံချဲ့စက်ရဲ့ ဆူညံဒဏ်ကို ရန်ကုန်မြို့က လူနေရပ်ကွက်မှာ နေထိုင်ကြတဲ့ ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းနဲ့ လူတန်းစား ပေါင်းစုံ ကြုံတွေ့ခံစားနေရပါတယ်။
“ဘာသာရေးအတွက် လုပ်နေတော့လည်း ပြောရတာခက်တယ်။ ဒါပေမဲ့ ဒီပိတ်ရက်လေးပဲ အိမ်မှာအေးအေးလူလူ အိပ်ရတာ။ အဲဒါကို မနက်အစောကြီး လော်စပီကာကြီးနဲ့ သီချင်းကို တစ်ရပ်ကွက်လုံးကြားအောင် ဖွင့်တော့ အိပ်လို့ မရတော့ဘူး။ ဒါက တစ်ဝါတွင်းလုံး ဖွင့်တာဆိုတော့ ကြာတော့ မခံနိုင်တော့ဘူး”လို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
ဒီလို ဘာသာတရားအရ ကုသိုလ်ရေးလုပ်ရာမှာ အသံချဲ့စက်ဖွင့်တာတွေနဲ့ပတ်သက်လို့ လူမှုကွန် ရက်စာမျက်နှာမှာလည်း ဝေဖန်မှုတွေရှိလာတဲ့အပေါ် အချို့အကောင့်ပိုင်ရှင်တွေကတော့ ဘာသာရေး နွှယ်ပြီး ပြန်လည်ချေပပြောဆိုမှုတွေ ရှိလာပါတယ်။
World Giving Index အရ မြန်မာဟာ ကမ္ဘာမှာ အလှူအတန်းပေးကမ်းမှု အရက်ရောဆုံးနိုင်ငံအဖြစ်နဲ့ သတ်မှတ်ခံခဲ့ရပါတယ်။ ဒီလိုသတ်မှတ်ခံရတာဟာ မြန်မာ ပြည်သူတွေရဲ့ ပရဟိတစိတ်ကြောင့်လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ခဲ့ပေမယ့် ပရဟိတစိတ်ရှိတဲ့ ပြည်သူတွေကပဲ ပြည်သူအချင်းချင်း ရိုင်းပင်းကူညီခဲ့ကြပါတယ်။ အလှူအတန်းမှာဆိုရင်လည်း မရှိလို့ မလှူ၊ မလှူလို့ မရှိ ဆိုတဲ့ စကားအတိုင်း မရှိ၊ ရှိတာကို လှူဒါန်းဖို့ဆိုတာ ကမ္ဘာမှာ မြန်မာတစ်နိုင်ငံတည်းမှာပဲ ရှိလိမ့် မယ်လို့ ထင်ပါတယ်။
ဒါပေမဲ့ ဒီလို လှူဒါန်းမှုပြုတဲ့အခါမှာ မြန်မာလူမျိုးတွေဟာ မိမိတို့ရဲ့ အလှူကို ထပ်ပြီးကြီးကျယ်ခမ်း နားစေချင်တဲ့အတွက် အခြားသော ပကာသနတွေကိုပါ ထည့်သွင်း လာတာကို တွေ့ရပါတယ်။ တော တွေမှာဆို ရှင်ပြုပွဲပဲဖြစ်ဖြစ်၊ အလှူပွဲပဲဖြစ်ဖြစ် ပြုလုပ်ရာမှာ ပိုပြီး ခ့ံညားထည်ဝါသွားအောင် အငြိမ့်တွေ၊ ဆိုင်းတွေကိုပါ ငှားရမ်းတတ်ကြပါတယ်။ ဒီလို ငှားရမ်းမှုတွေကြောင့် အလှူပြီးတဲ့အခါမှာ အကြွေးပါတင်သွားတဲ့ ဖြစ်စဉ် တွေကလည်း မြန်မာနိုင်ငံမှာ မနည်းပါဘူး။ ပြောရရင် ဆင်ဖိုးထက် ချွန်းဖိုးက ပိုကြီးတယ် လို့ဆိုရမှာပါ။
ဒါတွေ ဘာကြောင့်ဖြစ်သလဲဆိုရင် မြန်မာလူမျိုးတွေရဲ့ ပကာသနစိတ်ကြောင့်ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း အများပြည်သူတွေ ကြုံတွေ့နေရတဲ့ အသံချဲ့စက် ကိစ္စဆိုတာ တကယ်တော့ ပကာသနစိတ်ကြောင့်ပဲ ဖြစ်နေရတာပါ။
တကယ်လို့သာ ၀ါတွင်းကာလအတွင်း လှူဒါန်းသူတွေအနေနဲ့ကလည်း အသံချဲ့ကို ထိန်းထိန်းသိမ်း သိမ်းဖွင့်မယ်ဆိုရင် ဒီပြဿနာတွေက နှစ်စဉ်ဝေဖန်ခံရတဲ့ အခြေအနေအထိ ရောက်ရှိလာမှာ မဟုတ်ပါဘူး။ ဘယ် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ် အလှူအတန်းနဲ့ ပတ်သက်လာရင် ကိုယ်မလှူနိုင်တာတောင် သူတစ်ပါးလှူဒါန်းတာကိုတော့ သာဓုခေါ်ချင်ကြတဲ့ သူတွေချည်းပါပဲ။
လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာက အလှူအတန်းလုပ်တဲ့အပေါ်မှာ ဝေဖန်မှု တွေပြုနေကြတာမဟုတ်ဘဲ နားမခံနိုင်အောင် ဆူဆူညံညံ အသံချဲ့စက်ဖွင့်တဲ့အပေါ်မှာသာ ဝေဖန်နေကြတာ ဖြစ်ပါတယ်။
ဆူညံသံဟာ လူ့စိတ်ကို ဖိအားဖြစ်စေပြီး ဒေါသထွက်ခြင်း၊ စိတ်အလိုမကျခြင်းတို့ ဖြစ်ပေါ်တတ်သလို စိတ်ကြမ်းတမ်းလာမှုနဲ့ မယဉ်ကျေးတဲ့ အမူအရာတွေ ဖြစ်စေဖို့ လှုံ့ဆော်ပေးတယ်လို့ ဆေးပညာ ဘာသာရပ် ဆိုင်ရာ သုတေသနတွေမှာ ဆိုထားပါတယ်။
ဆူညံသံကို အိမ်တွင်းနဲ့ အိမ်ပြင်ကနေလာတဲ့ အသံဆိုပြီး နှစ်မျိုးခွဲခြားထားသလို လူလက်မခံနိုင်တဲ့ အိမ်တွင်း၊ အိမ်ပြင် ဆူညံသံ နှစ်ခုစလုံးဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ ဆူညံသံကြောင့် ဖြစ်ပွားနိုင်သော ရောဂါတွေမှာ နားအကြားအာရုံ ထိခိုက်ခြင်း၊ စိတ်ဖိစီးခြင်းတို့ကို ထိခိုက်စေတဲ့အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါ အခံရှိသူများကို ပိုထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။
ဒါ့ပြင် အသံချဲ့စက်တွေရဲ့ ဆူညံသံ တွေကြောင့် သက်ကြီးရွယ်အိုတွေနဲ့ နာ မကျန်းဖြစ်ပွားသူတွေမှာ အထိတ်တလန့် ဖြစ်ခြင်းအပြင် စိတ်အနှောင့်အယှက် ဖြစ် ရခြင်းတွေပါ ရှိနေပါတယ်။
ဒါကြောင့် လူနေရပ်ကွက်၊ ဆေးရုံ၊ ကျောင်းနဲ့ အများပြည်သူရှိတဲ့ နေရာတွေမှာ ရှိသင့်တဲ့ ဆူညံသံဆိုပြီး ခွဲခြားသတ်မှတ်ထားသလိုရှိသင့်တဲ့ အသံကိုလည်း နေရာဒေသအလိုက် ခွဲခြားထားတာ ဖြစ်ပါတယ်။ အချိန် အခါမရှိ ဘာသာရေးအကြောင်းပြ ဆူညံသံ တွေက နေ့စဉ်ဘဝ ရုန်းကန်နေကြရသည့် ရန်ကုန်မြို့နေ လူတန်းစားတွေအတွက် အကြီးမားဆုံး စိတ်အနှောင့်အယှက်တစ်ခု ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ နေအိမ်ပြင်ပ အလုပ်ခွင်တွေကနေ ထွက်ရှိလာတဲ့ အသံတွေကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဥပဒေအရ အရေးယူမှုများ ဆောင်ရွက်လျက်ရှိပေမယ့် ရပ်ကွက်အတွင်း အသံချဲ့ စက်ဖွင့်တာနဲ့ဆိုင်တဲ့ ခွင့်ပြုချက်ကို ဒေသန္တရ ဥပဒေအရ ကန့်သတ်ထားပြီး ရပ်ကွက်နှင့် အုပ်ချုပ် ရေးမှူးတွေကို ဆုံးဖြတ်ပိုင်ခွင့်ပေးထားပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနစ် ဖေဖော်ဝါရီ ၂၄ ရက်က လက် မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေမှာ အသံချဲ့စက် ဖွင့်တာနဲ့ ပတ်သက်လို့ ပြဋ္ဌာန်းထား တာတွေ ရှိပါတယ်။
ဒီဥပဒေရဲ့ ပုဒ်မ ၁၈ မှာတော့ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အသံချဲ့ စက်ဖွင့်လိုပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးထံမှ ခွင့်ပြုမိန့် ရယူရမည့်အပြင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်”လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါ့ပြင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေရဲ့ ပုဒ်မ ၁၄ ပုဒ်မခွဲ (ဂ) (၁)အရ “အသံချဲ့စက်ဖွင့်မည့် သက်ဆိုင်ရာကာယကံရှင်က ဖြစ်စေ၊ အဖွဲ့အစည်းက ဖြစ်စေ၊ အသံချဲ့စက် ငှားရမ်းသူ ပိုင်ရှင်က ဖြစ်စေ၊ အကျိုးအကြောင်းနှင့် အသံချဲ့စက်ဖွင့်လိုသည့် ရက်နှင့်အချိန်ကို ဖော်ပြ၍ သုံးရက်ကြိုတင်လျှောက်ထားချက်ကို လက်ခံခြင်း” လို့ ဖော်ပြထားတဲ့အတွက် အသံချဲ့စက်ဖွင့်မယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ သုံးရက်ကြိုတင် လျှောက်ထားရမှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ပုဒ်မခွဲ(ဂ)(၂)မှာတော့ နည်းဥပဒေခွဲ(၁)အရ လျှောက်ထားချက်ကို ရရှိပါက လိုအပ်သလို စိစစ်၍ (ကက) သာ မန်အားဖြင့် နံနက် ၆ နာရီမှ ည ၉ နာရီအထိသာ ခွင့်ပြုခြင်း၊(ခခ) အများပြည်သူအား အနှောင့်အယှက် မဖြစ်စေရေးအတွက် ခွင့်ပြုသည့် ဥပစာအတွင်း အများပြည်သူကြားသိရုံမျှသာ ဖွင့်ခွင့်ပြုခြင်း၊(ဂဂ) ခွင့်ပြုသည့်ကိစ္စမှတစ်ပါး အခြားကိစ္စများအတွက် အသုံးမပြုရန် ကြီးကြပ်ခြင်း၊(ဃဃ) တာဝန်ရှိသူက လိုအပ်၍ ခွင့် ပြုချက်ရပ်စဲခြင်းကို လိုက်နာဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ပုဒ်မခွဲ (ဂ)(၃) အရ လိုအပ်ပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ သဘောထားမှတ်ချက်ကို ရယူခြင်း၊ ပုဒ်မခွဲ (ဂ)(၄) အရ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းက အသံချဲ့စက်ဖွင့်ရန် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့် ဆောင်ရွက်စေခြင်း”လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခွင့်ပြုခဲ့မယ်ဆိုရင်တောင် အသံချဲ့ စက်ကို နံနက် ၆ နာရီကနေ ည ၉ နာရီအထိသာ ဖွင့်ရမှာဖြစ်သလို အများပြည်သူ အနှောင့်အယှက် မဖြစ်စေဖို့ ခွင့်ပြုထားတဲ့ နေ ရာမှာသာ အများပြည်သူကြားသိရုံသာဖွင့်ရ မှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ စည်းကမ်း ချက်တွေကို မလိုက်နာခဲ့ရင် တာဝန်ရှိသူတွေ က လိုအပ်သလို ခွင့်ပြုချက်ကို ရပ်ဆိုင်းလို့ရ ပါတယ်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေရဲ့ ပုဒ်မ ၁၃ ပုဒ်မခွဲ (စျ) မှာလည်း “အသံချဲ့စက်ဖွင့်ခွင့် တောင်းခံခြင်း ကို စည်းကမ်းချက်သတ်မှတ်၍ ခွင့်ပြုခြင်း၊ ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်ဖွင့်သူ သို့ မဟုတ် စည်းကမ်းဖောက်ဖျက်သူအား အရေးယူခြင်း၊ အရေးယူရန် အကြောင်းကြား ခြင်း” လို့ ဖော်ပြထားတဲ့အတွက် စည်းကမ်း ဖောက်ဖျက်သူတွေကို အရေးယူလို့ ရပါတယ်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ အခန်း (၁၁) ပြစ်မှုနှင့် ပြစ်ဒဏ်များ ပါရှိတဲ့ ပုဒ်မ ၂၇ အရ “မည်သူမဆို ပုဒ်မ ၁၇၊ ၁၈ နှင့် ၁၉ ပါ တာဝန်ကို ထမ်းဆောင်ရန် ပျက်ကွက်လျှင် ထိုသူကို ကျပ် ၅၀၀၀ ထက် မပိုသော ငွေဒဏ် ချမှတ်ရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါ က ခုနစ်ရက်ထက် မပိုသော ထောင်ဒဏ် ကျခံစေရန် သက်ဆိုင်ရာ တရားရုံးက ချမှတ်ရမည်”လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါကြောင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေက ပုဒ်မ ၁၈ ဖြစ် တဲ့ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အသံချဲ့စက်ဖွင့်လိုပါ က သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုမိန့် ရယူ ရမည့်အပြင် သတ်မှတ်ထားသည့် စည်းကမ်း ချက်များကို လိုက်နာရမည်”ဆိုတဲ့ အချက် ကို မလိုက်နာခဲ့ရင် ကျပ် ၅၀၀၀ ထက်မပိုတဲ့ ငွေဒဏ်ကို ပေးဆောင်ရမှာဖြစ်ပြီး မဆောင်ခဲ့ရင် ခုနစ်ရက်ထက်မပိုတဲ့ ထောင်ဒဏ်ကို ကျခံရမှာ ဖြစ်ပါတယ်။
“အရေးယူနိုင်တယ် ဆိုပေမယ့် ဒီပုဒ်မ အရ ပထမအကြိမ်မှာတော့ သိပ်ပြီးတော့ ပြင်းပြင်းထန်ထန် မရှိပါဘူး” လို့ တရားလွှတ်တော်ရှေ့နေဦးထွန်းအောင်က ဆိုပါတယ်။ ဒါပေမဲ့ တားမြစ်ထားတဲ့ကြားက ဆက်လက် ကျူးလွန်ခဲ့လို့ အများပြည်သူစိတ်အနှောင့်အယှက် ဖြစ်လာရင်တော့ ရာဇသတ်ကြီး ပုဒ်မ ၂၉၁ အရ အရေးယူမယ်ဆို ထောင်ဒဏ်ခြောက်လအထိ ချမှတ်နိုင်တယ်လို့ သိရပါ တယ်။
ရာဇသတ်ကြီးပုဒ်မ အခန်း ၁၄ ပြည်သူ့ကျန်းမာမှု၊ လုံခြုံမှု၊ သက်သာမှု၊ သိက္ခာစောင့် စည်းမှုနှင့် ကိုယ်ကျင့်တရားရှိမှုကို ထိခိုက်စေသော ပြစ်မှုများမှာ ပုဒ်မ ၂၉၁ အရ “အ များပြည်သူဆိုင်ရာ နှောင့်ယှက်မှုကို ထပ်မံ၍သော်လည်းကောင်း၊ ဆက်လက်၍သော်လည်းကောင်း မပြုရဟု ဥပဒေနှင့်အညီ အမိန့်ထုတ်ရန် အခွင့်အာဏာရှိသော ပြည်သူ့ဝန်ထမ်း၏ တားမြစ်ခြင်းကိုခံရပြီးသော သူသည် အများပြည် သူဆိုင်ရာ နှောင့်ယှက်ခြင်းကို ထပ်မံ၍ သို့တည်းမဟုတ် ဆက်လက်၍ ပြုလျှင်၊ ထိုသူကို ခြောက်လအထိ အလုပ် မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ ချမှတ်ရမည်” လို့ ပြဋ္ဌာန်း ထားပါတယ်။
“တားမြစ်ထားတဲ့ကြားက ဆက်လုပ်မယ်ဆိုရင်တော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၁ အရ ထိထိရောက်ရောက် အရေးယူနိုင်တဲ့ အတွက် အလုပ်မဲ့ထောင်ဒဏ်ခြောက်လ အထိ ချမှတ်နိုင်ပါတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အသံချဲ့စက် ခွင့်ပြုမိန့် ကို ဒေသန္တရဥပဒေနှင့် ထိန်းချုပ်ထားတဲ့အပြင် ပတ်ဝန်းကျင် နှောင့်ယှက်မှုနဲ့ တရားစွဲဆိုနိုင်တဲ့ ဥပဒေရှိပေမယ့် လက်ရှိအချိန်အထိ ပတ်ဝန်းကျင် ဆူညံမှုကြောင့် တရားစွဲဆိုမှု မရှိသေးပါဘူး။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအနေနဲ့ အခါကြီးရက်ကြီးတွေနဲ့ ၀ါတွင်းကာလ အချိန်တွေမှာ ဆွမ်းချက်ဖို့ ဆော်သြတဲ့ ဓလေ့က အစဉ်အဆက် လုပ်ဆောင်လာခဲ့တဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး အမူအကျင့် တစ်ခုလည်း ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ၀ါလကင်းလွတ်လို့ သီတင်းကျွတ်ကိုတောင် ရောက်ပါတော့မယ်။ လူနေရပ်ကွက်တွေ နေထိုင်ကြတဲ့ ဓမ္မာရုံအနီး၊ အလှူခံမဏ္ဍပ်အနီး၊ ဆွမ်းလောင်းရုံ အနီးက မိသားစုတွေကတော့ အလှူအတန်း နဲ့ ပွဲလမ်းသဘင်များလှတဲ့ ၀ါကျွတ်ကာလ ရောက်လာမယ့်ရက်တွေကို လက်ချိုးရေ တွက်လို့ ရင်မောနေကြမှာ အမှန်ပင် ဖြစ်ပါလိမ့်မယ်။
“ဘာသာရေး လုပ်ဆောင်နေတော့လည်း ကျွန်မတို့က ဘာပြောရမလဲ။ အဓိကကတော့ ရပ်ကွက် လူကြီးတွေပဲ။ ဥပဒေတွေ ပြဋ္ဌာန်းထားပါလျက်နဲ့ ဥပဒေအတိုင်း မလုပ်ဆောင်တဲ့ သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ဆိုတာ သူတို့အပေါ်မှာ တာဝန် အများကြီး ရှိတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ဒီ အတိုင်းပဲ ကြည့်နေမယ်ဆိုတော့လည်း ဘယ်တတ်နိုင်မလဲ။ သူတစ်ပါး ကုသိုလ်ရေး လုပ်နေတာကို ကိုယ်က အကုသိုလ် မယူချင်ဘူး” လို့ သင်္ဃန်းကျွန်းမြို့နယ်မှ အမျိုးသမီး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။










