ရန်ကုန်မြို့တွင် အဆင့်မြင့် လက်လီအရောင်းနေရာ စတုရန်းမီတာ ၃၉၀၀၀၀ ဝန်းကျင်ရှိလာပြီး ယခင်သုံးလပတ်ထက် ငှားရမ်းမှုနှုန်း တစ်ရာခိုင်နှုန်း၊ ငှားရမ်းခ ၄ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်း

ရန်ကုန်မြို့တွင် အဆင့်မြင့် လက်လီအရောင်းနေရာ စတုရန်းမီတာ ၃၉၀၀၀၀ ဝန်းကျင်ရှိလာပြီး ယခင်သုံးလပတ်ထက် ငှားရမ်းမှုနှုန်း တစ်ရာခိုင်နှုန်း၊ ငှားရမ်းခ ၄ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်း
ရန်ကုန်မြို့လယ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်များ ရောင်းချသော စျေးဝယ်စင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့လယ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်များ ရောင်းချသော စျေးဝယ်စင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 6 October 2019
  စည်သူအောင်

ရန်ကုန်မြို့၌ အဆင့်မြင့် လက်လီအရောင်းနေရာ စတုရန်းမီတာ ၃၉၀၀၀၀ ဝန်းကျင်ရှိလာပြီး ယခင် သုံးလပတ်ထက် ငှားရမ်းမှုနှုန်း တစ်ရာခိုင်နှုန်း၊ ငှားရမ်းခ ၄ ဒသမ ၃ ရာ ခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကနေဒါ အခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် Colliers International (Myanmar) ၏ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ် စျေးကွက်အစီရင်ခံစာအရ သိရသည်။

၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်အတွင်း အဆင့်မြင့်လက်လီ အရောင်းနေရာသစ်ထွက်ရှိမှု စတုရန်းမီတာ ၂၈၀၀ ထွက်ရှိခဲ့ပြီး ပြီးခဲ့သည့် သုံးလပတ်နှင့် နှိုင်းယှဉ်ပါက လျော့နည်းခဲ့သည်။

၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် လက်လီအရောင်းနေရာသစ် စတုရန်းမီတာ ၈၀၀၀၀ ဝန်းကျင် ထွက်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဒုတိယသုံးပတ်အထိ စတုရန်းမီတာ ၄၁၀၀၀ ကျော် ထွက်ရှိခဲ့သည်။ ငှားရမ်းမှုနှုန်းသည် ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်တွင် ၈၉ ရာခိုင်နှုန်းဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး  ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက တစ် ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ရန်ကုန်မြို့တွင် နိုင်ငံတကာအဆင့် အဆောက်အအုံသစ်များ ထပ်မံပေါ်ထွက်လာမှုနှင့်အတူ လက်လီစျေးဝယ်စင်တာအသစ်များ တိုးပွားလျက်ရှိပြီး ၂၀၁၉ ခုနှစ် ပထမ သုံးလပတ်အတွင်း သာကေတမြို့ နယ်ရှိ Fortune Plaza Phase 1 စျေးကွက် ဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခု နှစ် ဒုတိယသုံးလပတ်တွင် သီလဝါရှိ AEON Orange Hyper- marketစျေးကွက် ဝင်ရောက်ခဲ့သည်။

၂၀၁၉ ခုနှစ် လက်ကျန်ကာလအတွင်း အဆင့်မြင့်လက်လီ အရောင်းနေရာသစ်  စတုရန်းမီတာ ၁၇၀၀၀ ဝန်းကျင်ထွက်ရှိမည်ဟု မျှော်မှန်းထားပြီး ၂၀၁၉ နှစ်ကုန်တွင် လက်လီအရောင်းနေရာပေါင်း ၄၁၀၀၀၀ ကျော်အထိ ရှိလာမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း ပြီးစီးမည့် လက်လီအရောင်းနေရာ ပါဝင်သော စီမံကိန်းများမှာ Yadana Mall (Time City)၊ The One Shopping Mall ၊ M Tower Shopping Mall  စသည်တို့ ဖြစ်သည်။

ခေတ်မီမြို့ပြပိုဆန်လာသည့် ရန်ကုန်မြို့အတွင်း ထပ်မံပေါ်ထွက်လာမည့် စျေးဝယ်စင်တာများအနေဖြင့် လူအများ စိတ်ဝင်စားနိုင်မည့် တီထွင်ဖန်တီးမှု အသစ်များ၊ ဝန်ဆောင်မှုအသစ်များ ထည့်သွင်းနိုင်ရန် အားထုတ်ရမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး လာသည့် E-Commerce ၏ စိန်ခေါ်မှုကို ရင်ဆိုင်လာရသည်။ မတူကွဲပြားသော အစားအသောက် ရောင်းချသည့်နေရာများ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ စိတ်အပန်းပြေစေသည့် လုပ်ငန်းများသည် အနာဂတ်စျေးဝယ် စင်တာများအတွက် အခွင့်အလမ်းတိုးမြင့်စေမည်ဖြစ်သည်။

ရန်ကုန်မြို့ရှိစျေးဝယ်စင်တာများ၌ ငှားရမ်းဖွင့်လှစ်ထားသောဆိုင်ခန်းများ၌ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းဆိုင်များက ၅၅ ရာခိုင်နှုန်း၊ အစားအစာနှင့် အဖျော်ယမကာဆိုင်များက ၁၈ ရာခိုင်နှုန်း၊  Special Store ဆိုင်များက ကိုးရာ ခိုင်နှုန်း၊  ကျန်းမာရေး၊ အလှအပ ရေးရာဆိုင်များက ခုနစ်ရာခိုင်နှုန်း၊ အခြားဆိုင်များက ၁၁ ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အဆင့်မြင့်စျေး ဝယ်စင်တာနေရာများ၌ Shopping Mall ၆၉ ရာခိုင်နှုန်း၊ Supporting Retail ၁၅ ရာခိုင်နှုန်း၊ Hyper Market ကိုးရာခိုင်နှုန်း၊ Department Store ရှစ်ရာခိုင်နှုန်း ပါဝင်သည်။

မြို့ပြနှင့်လျော်ညီသော စျေးဝယ်ပုံစံကို  ပြောင်းလဲနေခြင်းကြောင့် စျေးဝယ်စင်တာအသစ်များ ပေါ်ထွက်နေသော်လည်း ငှားရမ်းလိုသူ များပြားလျက်ရှိသည်။ စျေးဝယ်စင်တာအသစ်များလည်း ပုံမှန် ဆက်လက်ဖွင့်လှစ်နေပြီး လာမည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အဆင့်မြင့်လက်လီအရောင်းနေရာပေါင်း စတုရန်းမီတာ ၄၄၀၀၀၀ ဝန်းကျင်ရှိမည်ဟု မျှော်မှန်းထားသည်။

အဆင့်မြင့်လက်လီ အရောင်းနေရာငှားရမ်းမှု နှုန်းထားအနေဖြင့်လည်း ၈၉ ရာခိုင်နှုန်းဝန်းကျင်ရှိနေပြီး ပျမ်းမျှ ငှားရမ်းခနှုန်းထားမှာလည်း တစ်စတုရန်းမီတာလျှင် ၃၀ ဒသမ  ၃ ဒေါ်လာဝန်းကျင်ရှိပြီး၂၀၁၉ ခုနှစ် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၃ ရာ ခိုင်နှုန်းကျဆင်းခဲ့သည်။ စျေးဝယ်စင်တာအသစ်များ ဆက်လက် ထွက်ပေါ်လာသော်လည်း ငှားရမ်းလိုသူ များပြားသောကြောင့် လာမည့်တစ်နှစ်မှ နှစ်နှစ် အတွင်း အဆင့်မြင့်လက်လီ ာအရောင်းနေရာ ငှားရမ်းခနှုန်းထားများ အနည်းငယ်မြင့်တက်မည်ဟု Colliers International Myanmar မှ သုံး သပ်ထားသည်။     

Most Read

Most Recent