ဘင်္ဂါလီနှင့် အခြားတိုင်းရင်းသားများအား မြန်မာတပ်မတော် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များ တာဝန်ခံစေရန်ကြိုးပမ်းမည့် ဥပဒေကြမ်း အမေရိကန် အောက်လွှတ်တော် အတည်ပြု

ဘင်္ဂါလီနှင့် အခြားတိုင်းရင်းသားများအား မြန်မာတပ်မတော် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များ တာဝန်ခံစေရန်ကြိုးပမ်းမည့် ဥပဒေကြမ်း အမေရိကန် အောက်လွှတ်တော် အတည်ပြု
Published 26 September 2019
Ref : Amnesty International USA



မြန်မာနိုင်ငံရှိ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင်များနှင့် ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် အခြားတိုင်းရင်းသားများအား မြန်မာတပ်မတော်က ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ကြိုးပမ်းမှုကို အရှိန်မြှင့်မည့် ဥပဒေကြမ်းတစ်ခုဖြစ်သော Burma Act ကို အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်များက စက်တင်ဘာ ၂၄ ရက်က အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်း တပ်မတော်၏ ရာဇဝတ်မှုများကြောင့် သက်ရောက်မှု ခံခဲ့ရသူများအား လူသားချင်းစာနာမှု အကူအညီများ ပေးရန်နှင့် ထိုရာဇဝတ်မှုများအတွက် တာဝန်ခံရမည့် မြန်မာခေါင်းဆောင်များအတွက် တရားစီရင်မှု လုပ်ဆောင်နိုင်ရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လုပ်ဆောင်ပေးရမည့် Burma Act ကို အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရဦးမည်ဖြစ်ကြောင်း Amnesty International USA ၏ အာရှပစိဖိတ်ဆိုင်ရာ Advocacy Manager ဖရန်ဆွာ ဘင်ကော့စ်မီက ပြောကြားသည်။

ဘင်္ဂါလီမွတ်စလင်အရေးနှင့် ပတ်သက်၍ အမေရိကန်ကွန်ဂရက်သည် တစ်သံတည်းထွက်ရန် ပျက်ကွက်ခဲ့ကြောင်း၊  အမေရိကန်က ထပ်မံလုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပါက အခြားနိုင်ငံများအတွက် ဆိုးရွားသော သာဓကတစ်ခု ဖြစ်စေပြီး မြန်မာတပ်မတော်အား နိုင်ငံတစ်ဝန်းတွင် ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်ရန်အတွက် ရဲဆေးတင်ပေးလိုက်သည့် အန္တရာယ် ဖြစ်စေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း၌လည်း ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း အရပ်သားများအား ကျူးလွန်သည့် ရာဇဝတ်မှုများကို မြင်တွေ့ခဲ့ရကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်း တိုင်းရင်းသားများအတွက် တရားမျှတမှု ရရှိစေရေး ထောက်ပံ့ပေးရန် အလွန် အချိန်လင့်နေပြီ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထိုစက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်များတွင် ရှင်သန်ကျန်ရစ်ခဲ့သူများနှင့်အတူ အလျင်အမြန် တစ်သားတည်း ရပ်တည်ကြောင်း ထုတ်ပြန်ရန် အမေရိကန် အထက်လွှတ်တော်အား တိုက်တွန်းကြောင်း Amnesty International USA က ထုတ်ပြန်ခဲ့ သည်။