လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပြည်သူဘက်သို့ မျက်နှာမူပါက အပစ်အခတ် ရပ်စဲရေးနှင့်အတူ အနာဂတ်၌ ငြိမ်းချမ်းရေးကို ခံစားရမည် ဖြစ်ကြောင်း  JMC-S (ကရင်) ဒုတိယဥက္ကဋ္ဌ(၂) ပြောကြား

လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပြည်သူဘက်သို့ မျက်နှာမူပါက အပစ်အခတ် ရပ်စဲရေးနှင့်အတူ အနာဂတ်၌ ငြိမ်းချမ်းရေးကို ခံစားရမည် ဖြစ်ကြောင်း  JMC-S (ကရင်) ဒုတိယဥက္ကဋ္ဌ(၂) ပြောကြား
JMC-S (ကရင်) ဒုတိယဥက္ကဋ္ဌ (၂) စောသိန်းရွှေနှင့် ကော်မတီဝင် အရပ်သားကိုယ်စားလှယ်များ စက်တင်ဘာ ၂၂ ရက်တွင် ဘားအံမြို့နယ် ရသေ့ပျံကျေးရွာအုပ်စုသို့ သွားရောက်၍ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ - GMC)
JMC-S (ကရင်) ဒုတိယဥက္ကဋ္ဌ (၂) စောသိန်းရွှေနှင့် ကော်မတီဝင် အရပ်သားကိုယ်စားလှယ်များ စက်တင်ဘာ ၂၂ ရက်တွင် ဘားအံမြို့နယ် ရသေ့ပျံကျေးရွာအုပ်စုသို့ သွားရောက်၍ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ - GMC)
Published 23 September 2019
မင်းနိုင်စိုး

လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပြည်သူဘက်သို့ မျက်နှာမူပါက အပစ်အခတ်ရပ်စဲရေးနှင့် အနာဂတ်၌ ငြိမ်းချမ်းရေးကို ခံစားရမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S/ကရင်) ဒုတိယဥက္ကဋ္ဌ (၂) စောသိန်းရွှေက ပြောကြားသည်။

JMC-S (ကရင်) ဒုတိယဥက္ကဋ္ဌ (၂) စောသိန်းရွှေနှင့် ကော်မတီဝင် အရပ်သား ကိုယ်စားလှယ်များသည် စက်တင်ဘာ ၂၂ ရက်တွင် ဘားအံမြို့နယ် ရသေ့ပျံကျေးရွာအုပ်စုသို့ သွားရောက်၍ ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် JMC-S (ကရင်) ဒုတိယဥက္ကဋ္ဌ (၂) စောသိန်းရွှေက ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း JMC က စက်တင်ဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

JMC သည် အစိုးရ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ၊ အရပ်သား ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ကော်မတီတစ်ခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် နှစ်ပေါင်း ၇၀ ကျော် ပဋိပက္ခသက်တမ်း အရှည်ကြာဆုံးနိုင်ငံ ဖြစ်ကြောင်း၊ တိုင်းပြည် မငြိမ်းချမ်းလျှင် မည်သည့် လုပ်ငန်းမျှ ဆောင်ရွက်၍ မရကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် JMC-S (ကရင်) ဒုတိယဥက္ကဋ္ဌ (၂) စောသိန်းရွှေက ပြောကြားသည်။

ယခုအချိန်တွင် နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများသည် ၎င်းတို့၏ ဦးတည်ချက်နှင့်အညီ အချင်းချင်း ယုံကြည်မှု တည်ဆောက်နေဆဲ ကာလဖြစ်ကြောင်း၊ နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့များ ယုံကြည်မှု တည်ဆောက်နေချိန်တွင် တစ်နည်းအားဖြင့် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်နေသည့် ကာလ၌ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အလွန်ပင် အရေးကြီးကြောင်း စောသိန်းရွှေက ပြောကြားသည်။

ထို့ပြင် ရသေ့ပျံကျေးရွာတွင် ယခင်က စစ်ပွဲများကြောင့် ပြည်သူလူထု အများအပြား သေဆုံးခဲ့ရကြောင်း၊ ယခုအချိန်တွင် စစ်ပွဲစစ်ဒဏ်များကြောင့် ပြည်သူများ သေကြေ ဒုက္ခရောက်ရသည့်အချိန် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့များ သာမက ပြည်သူများ အားလုံး ပါဝင်ရန် လိုအပ်ကြောင်းလည်း စောသိန်းရွှေက ပြောကြားခဲ့သည်။

ထို့ကြောင့် ကော်မတီဝင်များအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့များနှင့်အတူ ပြည်သူများက မည်သို့ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည် ဆိုသည်ကို ရှင်းပြပေးသွားမည် ဖြစ်ကြောင်း JMC-S (ကရင်) ဒုတိယဥက္ကဋ္ဌ (၂) စောသိန်းရွှေက ပြောကြားခဲ့သည်။

ထို့နောက် JMC-S (ကရင်) ကော်မတီဝင်များက JMC ဖွဲ့စည်းပုံ၊ လုပ်ဆောင်ချက်၊ တာဝန်များ၊ NCA စာချုပ် ဖြစ်ပေါ်လာပုံနှင့် စာချုပ်ပါ အကြောင်းအရာများ၊ နှစ်ဖက်တပ်များ လိုက်နာစောင့်ထိန်းရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို ရှင်းလင်း ပြောကြားခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ JMC-S (ကရင်) ဒုတိယဥက္ကဋ္ဌ (၂) စောသိန်းရွှေ၊ အရပ်သား ကိုယ်စားလှယ်များ ဖြစ်ကြသော စောဘိုးနီ၊ နန်းမြင့်တင်၊ နန်းစေအွာ၊ နန်းအေးမြိုင်၊ စောစံယဉ်၊ နန်းလှယဉ်မေ၊ စောခရစ္စတိုဖာနှင့် နည်းပညာ အထောက်အကူပြု ဝန်ထမ်းများ၊ ရသေ့ပျံကျေးရွာအုပ်စု၊ ကော့ဂွန်းကျေးရွာအုပ်စု၊ ဘားကပ်ကျေးရွာအုပ်စုနှင့် ပန်းကုံးကျေးရွာအုပ်စု စသည့် ကျေးရွာအုပ်စု လေးစုမှ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူလူထု ၁၉၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။