အင်ဒိုနီးရှားတွင် လောင်ကျွမ်းနေသော အချို့တောမီးများအတွက် မလေးရှားကုမ္ပဏီလေးခုတွင် တာဝန်ရှိကြောင်း အင်ဒိုနီးရှားအစိုးရက စက်တင်ဘာ ၁၃ တွင် ပြောကြားခဲ့ရာ မီးခိုးမြူပြဿနာအတွက် အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုကို ဆိုးရွားစေခဲ့သည်။
မလေးရှား၏အချို့နေရာများတွင် ကျန်း မာရေးကို ထိခိုက်စေသည်အထိ လေအရည်အသွေး ကျဆင်းခဲ့မှုသည် အင်ဒိုနီးရှားတောမီးကြောင့်ဖြစ်ကြောင်း မလေးရှားက ပြောကြားထားသည်။ ထိုစွပ်စွဲချက်များကို အင်ဒိုနီးရှားက ငြင်းဆိုခဲ့ပြီး မလေးရှားနိုင်ငံအတွင်းရှိ တောမီးလောင်မှုများကြောင့် လေထုညစ်ညမ်းမှု ဖြစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှား၏ဆူမတ်တြားနှင့် ဘော်နီယိုကျွန်းများတွင် တစ်လကျော် လောင်ကျွမ်းနေခဲ့သော တောမီးများနှင့်ပတ်သက်ပြီး မလေးရှားသည် မှန်မှန်ကန်ကန် ဖော်ထုတ်ခဲ့ခြင်းမရှိကြောင်း အင်ဒိုနီးရှားသဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး ဆီတီနာဘာယာဘေကာက စက်တင်ဘာ ၁၃ တွင် ပြောကြားခဲ့သည်။ မီးလောင်မှုအတွက် တားမြစ်ခံထားရသော ဆီအုန်းကုမ္ပဏီလေးခုထက်မနည်းသည် မလေးရှားကုမ္ပဏီများ၏လုပ်ငန်းခွဲများဖြစ်ကြောင်း ဘေကာကရိုက်တာသို့ ပြောကြားခဲ့သည်။
ကုမ္ပဏီ ၃၀ ထက်မနည်း၏စိုက်ခင်းများကို တားမြစ်ပိတ်ဆို့ထားပြီး ယင်းတို့အနက် ကုမ္ပဏီလေးခုကို တရားစွဲဆိုခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရက ပြောကြားခဲ့သည်။ အနောက်ကာလီမန်တန်တွင် အခြေစိုက်သော Sime Indo Agro ကို တောမီးအတွက် တရားစွဲဆိုထားကြောင်း၊ ယင်းကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံးဆီအုန်းကုမ္ပဏီ Sime Darby ၏ လုပ်ငန်းခွဲဖြစ်ကြောင်း အင်ဒိုနီးရှားကဆိုသည်။
Sime Darby သည် မြေဧရိယာပမာဏအရ ကမ္ဘာ့အကြီးဆုံး ဆီအုန်းစိုက်ပျိုးသည့် လုပ်ငန်းလည်းဖြစ်သည်။ အင်ဒိုနီးရှားရှိ Sime Darby ၏ လုပ်ငန်းများကို ဦးစီးနေသော ဂျကာတာအခြေစိုက် Minamas Plantation ကုမ္ပဏီ၏ပြောခွင့်ရပုဂ္ဂိုလ်က ၎င်းတို့၏စိုက်ခင်းများ တားမြစ်ပိတ်ဆို့ခံထားရသည်ဟု မသိရှိကြောင်း ပြောကြားခဲ့သည်။ မီးလောင်မှု ဖြစ်စေခဲ့သူများကို အင်ဒိုနီးရှားက အရေးယူသင့်ကြောင်း မလေးရှား သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး ယောင်ဘီယင်က ပြောကြားခဲ့သည်။
အင်ဒိုနီးရှားမှ တောမီးကြောင့် မီးခိုးများ မလေးရှားသို့ ကျော်ဖြတ်ခဲ့ဖွယ်ရှိကြောင်း၊ ဘော်နီယိုကျွန်းရှိ ဆာရာဝပ်ပြည်နယ်တွင် ပြီးခဲ့သည့်သီတင်းပတ်က မီးလောင်မှုများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ထိုမီးများကြောင့် မလေးရှားလေအရည်အသွေးကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ဘေကာက ပြောကြားခဲ့သည်။
တောမီးလောင်မှုသည် အင်ဒိုနီးရှား၌ နှစ်စဉ်ဖြစ်ပွားလာခဲ့ပြီး အင်ဒိုနီးရှား၏အိမ် နီးချင်းများက မီးခိုးမြူပြဿနာအတွက် ဝေဖန်ပြစ်တင်ခဲ့ကြသည်။ မလေးရှားသည် ယခုသီတင်းပတ်တွင် မီးခိုးမြူပြဿနာကြောင့် ကျောင်းများရာနှင့်ချီ ပိတ်ခဲ့ရပြီး ဆာရာဝပ်ပြည်နယ်တွင် နှာခေါင်းစည်း သန်းဝက်ခန့် ပေးပို့ခဲ့ရသည်။
နယ်စပ်ဖြတ်ကျော်မီးခိုးမြူပြဿနာအတွက် စိုးရိမ်ကြောင်း မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က အင်ဒိုနီးရှားသမ္မ တဂျိုကိုဝီဒိုဒိုထံ စာရေးမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး ယောင်ဘီယင်က ပြောကြားခဲ့သည်။














