မြဝတီနယ်စပ် ကုန်သွယ်လမ်းကြောင်း ယာဉ်သွားလာမှု အခက်အခဲကြောင့် ထိုင်းကုန်တင်ယာဉ်များ မြဝတီဘက်သို့ ဝင်ရောက်ရန် ကြန့်ကြာနေကြောင်းသိရ

မြဝတီနယ်စပ် ကုန်သွယ်လမ်းကြောင်း ယာဉ်သွားလာမှု အခက်အခဲကြောင့် ထိုင်းကုန်တင်ယာဉ်များ မြဝတီဘက်သို့ ဝင်ရောက်ရန် ကြန့်ကြာနေကြောင်းသိရ
ထိုင်းကုန်တင်ယာဉ်များ မြဝတီဘက်သို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေစဉ်
ထိုင်းကုန်တင်ယာဉ်များ မြဝတီဘက်သို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေစဉ်
Published 27 August 2019
ကိုရွှေသိန်း

မြဝတီနယ်စပ် ကုန်သွယ်လမ်းကြောင်းပေါ်ရှိ ကော့ကရိတ်-ကျုံဒိုး- အိန္ဒု-ဘားအံလမ်းပိုင်းတွင် ယာဉ်သွားလာမှု အခက်အခဲကြောင့် ထိုင်းကုန်တင်ယာဉ်များ မြဝတီဘက်သို့ ဝင်ရောက်ရန် ကြန့်ကြာနေကြောင်း သိရသည်။

မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံမှ သွင်းကုန်အများဆုံး တင်သွင်းသော နယ်စပ်စခန်း ဖြစ်သလို ယခုနှစ်တွင် ထိုင်းနိုင်ငံဘက်သို့ မြန်မာ့ပြောင်းများ တင်ပို့ခွင့်ရခြင်းကြောင့် ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်ထိ တင်သွင်းနေကြခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေမြင့်တက်မှုကြောင့် ဂျိုင်းပွန်တွန်း တံတားမှ ကုန်တင်ယာဉ်များ သွားလာမရဘဲ ကိုးရက်ခန့် ရပ်နားခဲ့ရသည်။ ယခုအခါ ပွန်တွန်းတံတားမှ ကုန်တင်ယာဉ်များသွားလာ၍ရနေပြီ ဖြစ်သော်လည်း လမ်းသားမြေပျော့ခြင်း၊ လက်ရှိပြုပြင်နေသော လမ်းမှာလည်း ပြီးစီးမှု မရှိသေးခြင်းတို့ကြောင့် ကုန်တင်ယာဉ်များ အလှည့်နှင့် သွားလာနေရသလို ထိုင်းနိုင်ငံဘက်တွင်လည်း ချစ်ကြည်ရေး တံတားထိပ်မှ ခုံးကျော်တံတားကျော်သည်ထိ ကုန်တင်ယာဉ် ၇၀၀ ခန့် အလှည့်ကျရန် စောင့်ဆိုင်းနေရသည် ဟုဆိုသည်။

“ကုန်သွယ်မှု ရပ်ဆိုင်းနေတာတော့ မဟုတ်ပါဘူး။ အလှည့်ကျဖို့ စောင့်နေရတာပါ။ ယာဉ်တန်းကတော့ မြင်တဲ့အတိုင်းပါပဲ။ တစ်မိုင်ကျော်လောက်ကို ရှည်လျားနေပါတယ်” ဟု ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

မြဝတီ နယ်စပ်ကုန်သွယ်လမ်းကြောင်းတွင် ယာဉ်သွားလာရေး ခက်ခဲခြင်းကြောင့် ကုန်တင်ယာဉ်များအား ပုံမှန်လမ်းဖြစ်သည့် ကော့ကရိတ်-ကျုံဒိုး - အိန္ဒု- ဘားအံလမ်းမှ သွားလာစေသလို မြဝတီဘက်မှလာသော ယာဉ်ငယ်နှင့် အိမ်စီးကားများကို ကျုံဒိုး- ကျားကလေး- ဇာသပြင်လမ်းမှ သွားလာရန်နှင့် မြဝတီသို့အလာ ကားငယ်များအား ပတ်လမ်းဖြစ်သော နဘူး- ပိုင်ကျုံ - ဘားအံလမ်းနှင့် ကျိုက်မရော- ချောင်းနှစ်ခွ- ကိုးတိုင်-ကော့ကရိတ် လမ်းတို့မှသာ သွားလာကြရန် လမ်းဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

 

Most Read

Most Recent