အိုးလ်ထရက်ဖို့ဒ်မှာ ဒီရာသီပထမဆုံးရှုံးပွဲနဲ့ မန်ယူအသင်း ကြုံတွေ့ခဲ့ရ

အိုးလ်ထရက်ဖို့ဒ်မှာ ဒီရာသီပထမဆုံးရှုံးပွဲနဲ့ မန်ယူအသင်း ကြုံတွေ့ခဲ့ရ
Photos: Getty Images, Reuters, Daily Mail
Photos: Getty Images, Reuters, Daily Mail
Published 24 August 2019

■ မန်ယူ ၁-၂ ခရစ္စတယ်ပဲလေ့စ်

ပရီးမီးယားလိဂ်ပွဲစဉ် (၃) စနေညရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ပွဲစဉ်မှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ (၂-၁)ဂိုးနဲ့ အနိုင်ရပြီး မန်ယူအသင်းကို ဒီရာသီပထမဆုံးရှုံးပွဲတွေ့စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ် (၂)မှာ ဝုုလ်ဗ်အသင်းကို သရေကျခဲ့လို့ အခုအိမ်ကွင်းပွဲစဉ်မှာ နိုင်ပွဲပြန်ရဖို့အတွက် မန်ယူအသင်း အကောင်းဆုံးပြင်ဆင်လာခဲ့ပေမယ့် ဒီရာသီပထမဆုံးရှုံးပွဲကို စောစောစီးစီးရင်ဆိုင်ခဲ့ရတာပါ။

မန်ယူအသင်းရဲ့ပွဲထွက်စာရင်းမှာ ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်၊ ပေါ့ဘာ၊ လင်ဂတ်၊ မက်ဂွိုင်းရား၊ ဘစ်ဆာကာတို့နဲ့လူစုံခဲ့ပြီး လူငယ်ကစားသမား ဒန်နီယဲလ်ဂျိမ်းစ် ဒီနေ့ပွဲစဉ်မှာလည်း ထပ်မံပွဲထွက်ခွင့်ရခဲ့ပါတယ်။

ဒီရာသီ (၂)ပွဲကစားပြီးချိန်မှာ သွင်းဂိုးမရသေးတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒီနေ့ပွဲမှာတော့ ဂယ်ရီကာဟေးလ်၊ မာတင်ကယ်လီ၊ ဗန်အန်ဟော့တို့နဲ့ ခံစစ်ကို အကောင်းဆုံးပြင်ဆင်လာခဲ့သလို၊ ကူယာတေး၊ ဇာဟာ၊ ဂျော်ဒန်အာယူး၊ မီလီဗိုယီဗစ်တို့နဲ့ ပွဲထွက်ခဲ့တာပါ။

ပွဲစကတည်းက မန်ယူအသင်း တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် ပဲလေ့စ်အသင်းရဲ့ မထင်မှတ်တဲ့တုံ့ပြန်မှုတွေကြောင့် စိတ်ကြိုက်ကစားဖို့ခက်ခဲပေမယ့် ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူနိုင်ခဲ့တာ တွေ့ရပါတယ်။

ပဲလေ့စ်အသင်းကတော့ ခံစစ်ကိုဦးတည်ပြီး ဇာဟာ၊ အာယူးတို့ရဲ့ လျင်မြန်တဲ့တန်ပြန်တိုက်စစ်တွေနဲ့ မန်ယူအသင်းခံစစ်ကို ဒုက္ခပေးခဲ့တာပါ။ 

ပွဲချိန် (၃၂)မိနစ်မှာတော့ ပဲလေ့စ်အသင်း အဖွင့်ဂိုးရသွားခဲ့ပြီး ဂျော်ဒန်အာယူးက သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ ဒီရာသီ ပဲလေ့စ်အသင်းအတွက် ပထမဆုံးသွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

မထင်မှတ်ဘဲ ဂိုးပေးလိုက်ရလို့ မန်ယူအသင်းကစားအားတင်ခဲ့ပေမယ့် တိုက်စစ်ပိုင်းက အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို၊ ပဲလေ့စ်အသင်းရဲ့ ခံစစ်ပိုင်းက အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့လို့ ချေပဂိုးရဖို့ ခက်နေခဲ့ပါတယ်။

ပထမပိုင်းမှာ (၁-၀)ဂိုးနဲ့ပဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ မန်ယူအသင်းချေပဂိုးအတွက် ကစားအားတင်ခဲ့သလို၊ ပဲလေ့စ်အသင်းကလည်း အနိုင်ရလဒ်ကို ထိန်းဖို့ အကောင်းဆုံးတုံ့ပြန်ခဲ့တာကြောင့် ပွဲက ပိုကြည့်ကောင်းခဲ့ပါတယ်။

မန်ယူအသင်းရဲ့ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းချိတ်ဆက်မှုတွေကတော့ လိုအပ်ချက်တွေရှိနေပြီး၊ ပဲလေ့စ်အသင်းရဲ့ ခံစစ်ကလည်း အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာ တွေ့ရပါတယ်။ 

ပွဲချိန်မိနစ် (၇၀)မှာတော့ တွမ်မီနေးကြောင့် မန်ယူအသင်း ပယ်နယ်တီရရှိခဲ့ပြီး ဒီပယ်နယ်တီကို တိုက်စစ်မှူးရပ်ရှ်ဖို့ဒ် ကန်သွင်းရာမှာ့ တိုင်ထိထွက်ခဲ့လို့ မန်ယူအသင်း နစ်နာခဲ့ရပါတယ်။

မန်ယူအသင်းအတွက်ကတော့ ဒီရာသီ (၃)ပွဲကစားရာမှာ ပယ်နယ်တီ (၃)လုံးရရှိခဲ့ပေမယ့် နောက်ဆုံး (၂)လုံးကို လွဲချော်ခဲ့တာကတော့ စိတ်ပျက်စရာလို့ပဲ ဆိုရပါမယ်။

ပွဲချိန် (၈၉)မိနစ်မှာတော့ မန်ယူအသင်းချေပဂိုးရသွားခဲ့ပြီး မာစီယဲလ်ကပေးပို့မှုကနေ လူငယ်ကစားသမား ဒန်နီယဲလ်ဂျိမ်းစ်က (၁၈)ကိုက်စည်းထဲက လှလှပပကန်သွင်းယူခဲ့တာပါ။

ဒါပေမဲ့ မန်ယူအသင်းရဲ့ ချေပဂိုးဟာ (၃)မိနစ်သာခံခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ ပဲလေ့စ်နောက်ခံလူ ဗန်အန်ဟော့က ဂိုးစည်းအတွင်းမှာ ရရှိတဲ့အခွင့်အရေးကို မနားတမ်းကန်သွင်းပြီး အိုးလ်ထရက်ဖို့ဒ်မှာ အဖိုးတန်နိုင်ပွဲကို ရယူခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ပဲလေ့စ်အသင်းက (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဒီရာသီရဲ့ ပထမဆုံးနိုင်ပွဲကို ရယူခဲ့ပေမယ့် မန်ယူအသင်းအတွက်ကတော့ အိမ်ကွင်းရှုံးပွဲနဲ့အတူ (၂)ပွဲဆက်နိုင်ပွဲပျောက်ခဲ့လို့ ရာသီအစမှာပဲ ဖိအားဝင်ခဲ့ပြီလို့ ဆိုရပါမယ်။

Most Read

Most Recent