ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဝင် အင်အား တစ်သိန်းကျော် ရှိလာပြီဖြစ်ပြီး တိုင်းဒေသကြီး အားလုံးတွင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဝင် အင်အား တစ်သိန်းကျော် ရှိလာပြီဖြစ်ပြီး တိုင်းဒေသကြီး အားလုံးတွင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
Published 21 June 2019
မင်းမင်းစိုး

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင် အင်အား တစ်သိန်းကျော် ရှိလာပြီဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး အားလုံး၌ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန် ၂၀ ရက်က မန္တလေးမြို့တွင် ပြုလုပ်သည့် ပါတီဝင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။၏

“ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အနေနဲ့ လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီး အားလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပြည်နယ်မှာရှိတဲ့ တချို့မြို့နယ် ဒေသတွေမှာတော့ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီးတော့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီဟာ အခြေအနေ တစ်ရပ်ရပ်ရဲ့ တောင်းဆိုမှုကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ဆီလျော် လိုက်ဖက်တဲ့ ဖွဲ့စည်းပုံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက် အချိန်နဲ့အမျှ ကြိုးစားသွားမှာပါ” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖြစ်ပေါ်ရန် ၊ နိုင်ငံသူ နိုင်ငံသားများ၏ စားဝတ်နေရေး လူမှုရေးများ ကောင်းမွန်အောင် ဖော်ဆောင်ရန်၊ စီးပွားရေးများ တိုးတက် ကောင်းမွန်ရန် ၊ ပညာရေး ကျန်းမာရေး ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများ စနစ်တကျ ဆောင်ရွက်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ အခြေခံဥပဒေကို မြန်မာနိုင်ငံနဲ့ ဆီလျော်လိုက်ဖက်သည့် ဖွဲ့စည်းပုံဖြစ်ရေး စသည့် အချက်များပေါ်ကို အခြေခံ၍ ပါတီ၏ နိုင်ငံရေးမူဝါဒများကို ရေးဆွဲထားကြောင်း သိရသည် ။

အဆိုပါ တွေ့ဆုံပွဲသို့ မန္တလေးမြို့နယ် ခုနစ်မြို့နယ်မှ ပါတီဝင် အင်အား ၄၀၀ ကျော် တက်ရောက်ခဲ့ပြီး ပါတီဝင် အဆိုပြုလွှာများ ပေးအပ်ခဲ့ကြကာ ၎င်းတို့ အဘယ်ကြောင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီသို့ ဝင်ရောက်ခဲ့ကြကြောင်း ပြောကြားကြသည်။

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ  (UBP) အနေဖြင့် နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီ၊ မန္တလေး၊ စစ်ကိုင်း စသော နေရာများတွင် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများ ဖွင့်လှစ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများ ဆက်လက် ဖွင့်လှစ်မည် ဖြစ်သည်။

 

Most Read

Most Recent