ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၁၂၁ ခု အနက် မေးခွန်း ၆၇ ခု ကတိဖြစ်ပေါ်ခဲ့

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၁၂၁ ခု အနက် မေးခွန်း ၆၇ ခု ကတိဖြစ်ပေါ်ခဲ့
Published 6 June 2019

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၁၂၁ ခု အနက် မေးခွန်း ၆၇ ခု ကတိဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဇွန် ၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက လွှတ်တော် ကိုယ်စားလှယ်များ တင်သွင်း မေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာ တင်သွင်းခဲ့သည်။

ယင်းအစီရင်ခံစာတွင် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များ မှ အဆို သုံးခု ၊ကြယ်ပွင့်ပြမေးခွန်း ၁၂၁ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၃၀၃ ခု၊ စုစုပေါင်း ၄၂၇ ခု တင်သွင်း မေးမြန်းခဲ့ကြောင်း၊ ကြယ်ပွင့်ပြမေးခွန်း ၁၂၁ ခုအနက် မေးခွန်း ၆၇ ခု မှာ ကတိဖြစ်ပေါ်ခဲ့ကြောင်း၊ ကြယ်ပွင့်မပြ မေးခွန်း ၃၀၃ ခုအနက် မေးခွန်း ၁၉၉ ခု ကတိ ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။

ကော်မတီအနေဖြင့် လွှတ်တော်တွင် ကတိဖြစ်ပေါ်ခဲ့ပြီးနောက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြု တင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ လွှတ်တော် အကြိမ်အရေအတွက် ပိုမို များပြားလာသည့်အလျောက် ကတိဖြစ်ပေါ်ခဲ့သည့် အဆို၊ မေးခွန်းများ ယခင်ကထက် ပိုမို များပြားလာသည်ကို တွေ့ရကြောင်း၊ ကတိဖြစ်ပေါ်ပြီးသည့် အဆို၊ မေးခွန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်း ပေါင်းစပ်ကာ အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လွှတ်တော် ရပ်နားထားသည့် ကာလတွင် ကော်မတီအနေဖြင့် ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းသို့ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်း စိစစ်သွားရောက်ရန် လျာထားကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။

အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးကာလအတွင်း အတည်ပြုခဲ့သည့် အဆိုသုံးခုနှင့် ပတ်သက်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့က အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အဆိုများ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent