ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့အဝင်ရှိ Max Myanmar High Way တိုးဂိတ်အလိုမရှိကြောင်း ကားသမားများ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆန္ဒထုတ်ဖော်မှုကို မေ ၂၃ ရက် နံနက်ပိုင်းက ပြည်မြို့ ငါးရွာကျေးရွာအုပ်စု ထန်းပေါက်ကျေးရွာမှစတင်ကာ အောင်လံ-ပြည်ကားလမ်းတစ်လျှောက်မှ တိုးဂိတ်ကိုဖြတ်ကာ တာဂွလမ်းဆုံမှ ပြည်မြို့တွင်းရှိ မြို့နယ်အထွေထွအုပ်ချုပ်ရေးမှူးရုံးနှင့် ဆောက်လုပ်ရေးရုံးတို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
“ပြည်မြို့နဲ့ ထန်းပေါက်ဆိုတာ ကပ်လျက်ရှိတယ် ထန်းပေါက်အနီးမှာ တည်ဆောက်ထားတဲ့ တိုးဂိတ်က တစ်နေ့တစ်နေ့ ကို ဖြတ်သန်းရတဲ့ ကားတစ်စီးကို သုံးထောင် မြို့ဝင်ကြေးက ငါးရာပေးဆောင်ရတော့ လမ်းစည်းကမ်း ဥပဒေအရ တိုးဂိတ်ကမညီညွတ်ဘူး တစ်ဂိတ်နဲ့ တစ်ဂိတ်က မညီညွတ်ဘူး ရွှေတောင်နဲ့ဆိုရင် မိုင် ၂၀ ဝန်းကျင်လောက်ပဲရှိတယ် အခုဂိတ်နဲ့ဆိုရင် ဗွက်ကြီးတံတားထိကို သုံးထောင်အဖြတ်ခံရတယ်။ ဒါကြောင့် မတ်(စ်) မြန်မာတိုးဂိတ်ကြီးကို ဖြတ်သိမ်းပေးဖို့ပဲ အဓိကထားတာ” ဟု ဖောကားပိုင်ရှင် ဦးလင်းချိုက ဆိုသည်။
ဆန္ဒထုတ်ဖော်ရာတွင် ပြည်မြို့အဝင် Max Myanmar High Way တိုးဂိတ်အလို မရှိ၊ အလိုမရှိ၊ အမြန်ဆုံးဖျက်သိမ်းပေးရေး-တို့အရေး စသည့် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။
“လမ်းအသုံးပြုခကောက်ခံမှုစနစ်က ဒီမိုကရေစီစံနှုန်းနဲ့မညီဘူးလို့ယူဆလို့ ဆန္ဒထုတ်ဖော်တာပါ ဘာကြောင့်လဲဆိုရင် ကျွန်တော်က တိုးဂိတ်နဲ့ သုံးမိုင်အကွာမှာ နေပါတယ်။ ကားလေးနဲ့ တစ်နေ့ကို နှစ်ကြောင်းသုံးကြောင်း နေ့တိုင်းသွားတယ်။ သွားတိုင်းလည်း ပေးရတယ်။ လမ်းပေါ်သွားရင်ပေးရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့သွားတာက သုံးမိုင်ကို ဗွက်ကြီးတိုးဂိတ်ထိ မိုင် ၃၀ စာပေးနေရတယ်။ ကျွန်တော်တို့ မသွားတဲ့ ၂၇ မိုင်ပေါ်မှာထည့်ပေးနေရတယ်။ အခေါက်တိုင်း ကောက်ထားတာဖြစ်တဲ့အတွက် လက်ရှိကောက်ခံမှုစနစ်က ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီမှုရှိလားဆိုတာကို စိစစ်ပေးဖို့ တိုင်းအစိုးရကိုတောင်းဆိုချင်တာပါ” ဟု ဇီးအုပ်ကျေးရွာမှ ဦးဝင်းလှိုင်က ဆိုသည်။
တိုးဂိတ်ဖျက်သိမ်းပေးရေးနှင့် ပတ်သက်၍ သီးသန့်ဖြေကြားရန်မရှိဘဲ ပြီးခဲ့သည့်အစည်းအဝေးတွင် ပြောကြားထားကြောင်းလွှတ်တော်တွင်လည်း ဖြေကြားပြီးဖြစ်ကြောင်း တိုးဂိတ်အား ဖျက်သိမ်းပေးမည်မဟုတ်ကြောင်း ပြည်မြို့အဝင်ရှိ Max Myanmar High Way တိုးဂိတ်တာဝန်ရှိသူက ဆိုသည်။
ပြည်မြို့နယ်အတွင်း ပြေးဆွဲနေသော ယာဉ်လိုင်းများမှာ မာဇဒါယာဉ်လိုင်း၊ ခေတ္တရာမောင်ယာဉ်လိုင်း၊ မြတ်သီဟ၊ ရွှေသမင်၊ အမြန်ယာဉ်ဆိုသည့် ယာဉ်လိုင်းငါးလိုင်းအပြင် အိမ်စီးကားများ၊ မြို့နယ်အနီးရှိ ကျေးရွာများမှ မော်တော်ယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များ နေ့စဉ်ဖြတ်သန်းသွားလာနေရပြီး မြို့အတွင်း ဝင်ထွက်ရာတွင် တိုးဂိတ်မှ ဖြတ်သန်းနေရပြီး ဖြတ်သန်းသည့် အကြိမ်တိုင်းငွေကြေးကောက်ခံကြောင်း ကားလုပ်ငန်းရှင်များက ဆိုသည်။