ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် NCA ကို ရှောင်လွှဲ၍ မရကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် NCA တံခါးပေါက်မှ တစ်ဆင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်သွားကြရန် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ မေတ္တာရပ်ခံ

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် NCA ကို ရှောင်လွှဲ၍ မရကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် NCA တံခါးပေါက်မှ တစ်ဆင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်သွားကြရန် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ မေတ္တာရပ်ခံ
ဧပြီ ၃၀ ရက်က မူဆယ်မြို့တွင် အစိုးရ၏ NRPC ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်း မဟာမိတ် လေးဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်နေစဉ်  (Photo: NRPC)
ဧပြီ ၃၀ ရက်က မူဆယ်မြို့တွင် အစိုးရ၏ NRPC ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်း မဟာမိတ် လေးဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်နေစဉ်  (Photo: NRPC)
Published 2 May 2019
မင်းနိုင်စိုး

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် NCA ကို ရှောင်လွှဲ၍ မရကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် NCA တံခါးပေါက်မှ တစ်ဆင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ပြီး အားလုံးလိုလားသော အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ပေးထားချက်များနှင့်အညီ တစ်ဆင့်ပြီး တစ်ဆင့် ဇွဲရှိရှိဖြင့် ဖော်ဆောင်သွားကြရန် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က မေတ္တာရပ်ခံ ပြောကြားသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် KIO ၊ MNDAA ၊  TNLA ၊ AA တို့ ဧပြီ ၃၀ ရက် နံနက် ၉ နာရီက မူဆယ်မြို့ရှိ မူဆယ်-နမ့်ခမ်း နယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါ တွေ့ဆုံပွဲ အဖွင့် နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌက အထက်ပါတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း NRPC ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“ဒီနေရာမှာ ကျွန်တော်တို့ နိုင်ငံတော် အစိုးရ၊ တပ်မတော်၊ လွှတ်တော်အနေနဲ့ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် NCA ကို ရှောင်လွှဲ၍ မရနိုင်ပါ။ ဒါဟာလည်း သမိုင်း၏ လက်ဆင့်ကမ်း အမွေဖြစ်ပြီး မိမိတို့ အားလုံးအတွက် ပေးထားချက်လည်း ဖြစ်ပါသည်။ ဒါကြောင့် ယနေ့ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် အဖွဲ့အစည်းများ အနေဖြင့် ကျွန်တော်တို့ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ NCA တံခါးပေါက်မှ တဆင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ပြီး မိမိတို့ အားလုံး မျှော်မှန်းထားသည့် အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို အချိန်အခါ အခြေအနေ ပေးထားချက်များနဲ့အညီ တစ်ဆင့်ပြီး တစ်ဆင့် ဇွဲနပဲနဲ့ ဖော်ဆောင်သွားကြမယ် ဆိုတဲ့ သံန္နိဋ္ဌာန် ချမှတ်ပေးနိုင်ကြပါစေကြောင်း ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံ အပ်ပါတယ်”ဟု ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားသည်။

ငြိမ်းချမ်းရေးကို လက်နက်ကိုင်ထားရုံဖြင့် ဖော်ဆောင်ရန် ခက်ခဲကြောင်း၊ ရလည်း မရနိုင်ကြောင်း၊ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းဖြင့်သာ ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် အပြစ်တင် ဝေဖန်ပြောဆိုနေခြင်းသည် ပြဿနာ၏ အဖြေကို မရရှိနိုင်ကြောင်း၊ ဖြစ်သင့် ဖြစ်ထိုက်ပြီး အခြေအနေ အချိန်အခါနှင့် သင့်လျော်သည့် ကိစ္စများကို နှစ်ဖက်ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးရကြောင်း၊ ထို့ကြောင့် တွေ့ဆုံ ဆွေးနွေးရေးသည် အစိုးရက အစဉ်အမြဲ ကြိုးစားနေသော လမ်းစဉ်တစ်ခု ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တွေ့ဆုံ ဆွေးနွေးမှုများမှ တစ်ဆင့် နှစ်ဖက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ပြီး လက်နက်ကိုင် ပဋိပက္ခများကို လျှော့ချသွားရမည် ဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ၏ ဒဏ်ရာဒဏ်ချက်များကို အဓိက ခံစားနေရသည်မှာ ပြည်သူများသာ ဖြစ်သောကြောင့် ပြည်သူများအတွက် အကျိုးစီးပွားကို ဖော်ဆောင်ပြီး ပြည်သူ့ ကောင်းကျိုးကို ဖော်ဆောင်မည် ဆိုသော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးသည် ပြည်သူများ၏ အရေးကို ထည့်သွင်း စဉ်းစားကြရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

“နိုင်ငံတော်ရဲ့ အရေးဟာလည်း အားလုံးရဲ့အရေး ဖြစ်ပါတယ် ဆိုတာကို ကျွန်တော်တို့ သတိချပ်ပြီး နိုင်ငံတော်ကြီးကို အတူတကွ အောင်မြင်အောင် ကြိုးပမ်းကြဖို့ အချိန်အခါ ရောက်လာပြီဆိုတာ ပြောလိုပါတယ်။ လက်နက်ကိုင် ပဋိပက္ခများ၏ ဒဏ်ရာကြောင့် မိမိတို့ ပြည်သူများ ဆင်းရဲဒုက္ခရောက်ပြီး ခေတ်နောက်ကျ ကျန်ခဲ့သည်ကို ကျွန်တော်တို့တတွေ သင်ခန်းစာ ယူသင့်ပါပြီ။ မိမိတို့၏ လိုလားချက်၊ တောင်းဆိုချက်များကို လက်နက် ကိုင်ဆောင်ပြီး တောင်းဆိုနေမယ့်အစား လက်နက် ကိုင်ဆောင်ပြီး ပယ်ချကြမဲ့အစား စားပွဲဝိုင်းပေါ်တွင် တွေ့ဆုံညှိနှိုင်း အဖြေရှာကြဖို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကျွန်တော်တို့ ဆက်လက် ပြီးတော့ အကောင်အထည် ဖော်သွားကြစို့လို့ တိုက်တွန်းလိုပါတယ်”ဟု ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားသည်။

NCA စာချုပ် လက်မှတ် ရေးထိုးထားခြင်း မရှိသည့် အဖွဲ့အစည်းများသည် နိုင်ငံတော်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး Bilateral ကို တင်ပြ ဆွေးနွေးခဲ့ကြောင်း၊ Bilateral အဆင့်သွားနိုင်ရေးကို နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိစေရန် အဓိကထား တင်ပြ ဆွေးနွေးလိုကြောင်း၊ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး NRPC ၏ သဘောထားကို ဆွေးနွေးပေးဖို့ လိုလားကြောင်း၊ KIO အနေဖြင့် လိုလားသည့် စာချုပ် မူကြမ်းကိုလည်း PCG မှ တဆင့် NRPC သို့ ပေးပို့ထားပြီး ဖြစ်ကြောင်း၊ အဆို ပါစာချုပ်မူကြမ်းကို နှစ်ဦးနှစ်ဖက် လက်ခံ သဘောတူညီမှု ရရှိသည့်အထိ ဆွေးနွေးရန် လိုအပ်ကြောင်း၊ စာချုပ် မူကြမ်းအတွက် လိုအပ်ပါက တစ်ဖွဲ့ချင်း ဆွေးနွေးရမည် ဖြစ်ကြောင်း၊ KIO အနေဖြင့် မျှော်မှန်းထားသည့် လုပ်ငန်းစဉ်များမှာ Bilateral နှင့်  IDPs များ မူလနေရပ်သို့ ပြန်နိုင်ရေးဖြစ်ပြီး အစိုးရနှင့် ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားလိုကြောင်း   KIO  အထွေထွေ အတွင်းရေးမှူး ဆလန်ကဘာထိန်နန်က ပြောကြားသည်။                   

 

Most Read

Most Recent