အလန်ယာစပေါ်အသင်း၏ ချက်လက်ရွေးစင်တိုက်စစ်မှူး ရှူရယ်လ် ယာဉ်တိုက်မှုကြောင့်သေဆုံး

အလန်ယာစပေါ်အသင်း၏ ချက်လက်ရွေးစင်တိုက်စစ်မှူး ရှူရယ်လ် ယာဉ်တိုက်မှုကြောင့်သေဆုံး
Published 30 April 2019

တူရကီစူပါလိဂ်ကလပ် အလန်ယာစပေါ်အသင်း၏ ချက်လက်ရွေးစင်တိုက်စစ်မှူး ယိုဆက်ဖ်ရှူရယ်လ် သည် ယာဉ်တိုက်မှုကြောင့် ဧပြီ ၂၉ ရက်တွင် သေဆုံး ခဲ့ကြောင်း သိရသည်။

ရှူရယ်လ်အပါအဝင် အလန်ယာစပေါ်အသင်း ကစားသမားခုနစ်ဦးသည် ဧပြီ ၂၈ ရက်က ခိုင်ဆီရီစပေါ်အသင်းနှင့် အဝေးကွင်းသွားရောက်ကစားပြီးနောက် မီနီဘတ်စ်ယာဉ်ဖြင့် အလန်ယာမြို့သို့ပြန်လာစဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

၎င်းတို့ကားပေါ်တွင် ယာဉ်မောင်းနှစ်ဦးပါဝင်သော်လည်း နှစ်ဦးစလုံး အိပ်ငိုက်နေသဖြင့် ဖြစ်ရပ်ဆိုးကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ 

ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း ရှူရယ်လ်မှာ ဒဏ်ရာပြင်းထန်သောကြောင့် ဧပြီ ၂၉ ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကျန်အသင်းဖော်ခြောက်ဦးမှာမူ ဒဏ်ရာပြင်းထန်မှုမရှိကြောင်း သိရသည်။ 

ယင်းဖြစ်စဉ်တွင် ရှူရယ်လ်နှင့်အတူ ပါပစ်ဆီဆေး(နယူးကာဆယ်တိုက်စစ်မှူးဟောင်း)၊ ကော်လ်ကာ(စပါးနောက်ခံလူ ဟောင်း)၊ ဘိုင်ယာနို၊ ဝယ်လင်တန်၊ ဒီယဲလ်မာ၊ ဆက်ကီးတို့ ပါဝင်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုဖြစ်ပွားခြင်းကြောင့် ရှူရယ်လ် ဒဏ်ရာပြင်းထန်စွာရရှိကာ သေဆုံးခဲ့ကြောင်း အလန်ယာစပေါ်အသင်းက Twitterတွင် အတည်ပြုထုတ်ပြန်ပြီး အသင်းဥက္ကဋ္ဌ ဟာဆန်ကာဗူဆိုဂလူးကလည်း ''ယာဉ်မောင်းနှစ်ယောက်တောင် ပါပေမဲ့ သူတို့အိပ်ပျော်နေလို့ ယာဉ်တိုက်မှုဖြစ်ရတာ စိတ်မကောင်းပါဘူး''ဟု ပြောကြားသည်။

အသက် ၂၈ နှစ်ရှိပြီဖြစ်သူ ရှူရယ်လ်သည် ဘာနို၊ ဆလိုဗန်လီဘရက်၊ စပါတာပရပ်ဂ်အသင်းများတွင် ကစားခဲ့ဖူးပြီး ချက်လက်ရွေးစင်အသင်းအတွက်လည်း ၂၀၁၃ မှ ၂၀၁၈ ခုနှစ်အတွင်း ပွဲ ၂၀ ကစားကာ တစ်ဂိုး သွင်းယူပေးထားကြောင်း သိရသည်။

Most Read

Most Recent