မန်ယူ-ချယ်လ်ဆီးထိပ်တိုက်တွေ့ဆုံနေမှုကို အခွင့်ကောင်းမယူနိုင်ခဲ့တဲ့ အာဆင်နယ်

မန်ယူ-ချယ်လ်ဆီးထိပ်တိုက်တွေ့ဆုံနေမှုကို အခွင့်ကောင်းမယူနိုင်ခဲ့တဲ့ အာဆင်နယ်
Photo: Getty Images
Photo: Getty Images
Published 28 April 2019

လက်စတာ ၃-၀ အာဆင်နယ်

ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲအတွက် အမှတ်တွေ အရေးတကြီးလိုအပ်နေတဲ့ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကစားစရာရှိနေပေမယ့် အင်အားပြည့်နီးပါး ပွဲထွက်လာခဲ့ပြီး ဒီရာသီမှာ သုံးလေ့သုံးထမရှိတဲ့ (၄-၄-၂) ကစားကွက်နဲ့ ပြင်ဆင်လာခဲ့တယ်။ 

လက်စတာကလည်း အဆင့်(၇)နေရာလုပွဲအတွက် အမှတ်လိုနေတဲ့အသင်းဖြစ်ပြီး ဒီနေ့ပွဲမှာတော့အာဆင်နယ်အသင်းကို ထိန်းချုပ်ဖို့အတွက် ဂရေး၊ ဟာဗေးဘန်းစ်တို့အစား အော်ဘရိုက်တန်၊ ချူဟာရီတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ 

အစောပိုင်းပွဲချိန်တွေမှာ ပွဲက အေးစက်ခဲ့ပြီး တဖြည်းဖြည်းနဲ့ လက်စတာက ပွဲကို ထိန်းချုပ်လာနိုင်ခဲ့တာ တွေ့ရပါတယ်။

အာဆင်နယ်အနေနဲ့ ပထမပိုင်းတစ်ပိုင်းလုံး လာကာဇက် ဧရိယာထဲက အပြင်းကန်တဲ့ တစ်ကြိမ်သာ ရင်ခုန်စရာရှိခဲ့ပြီး အဝေးကွင်းအားနည်းနေကျထုံးစံကို မပြင်နိုင်ခဲ့ပါဘူး။

လက်စတာရဲ့ မတ်ဒီဆန်က အာဆင်နယ်ခံစစ်ကို တစ်ချိန်လုံး ဒုက္ခပေးခဲ့ပြီး ဗာဒီ အပိုင်အခွင့်အရေးတစ်ကြိမ် လွဲချော်ခဲ့လို့ လက်စတာ နစ်နာခဲ့ရတယ်။ 

ပွဲချိန်(၃၆)မိနစ်မှာတော့ အာဆင်နယ်ညာနောက်ခံလူ မိန့်လန်းနိုင်းစ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရအပြီးမှာတော့ အာဆင်နယ်အသင်း လက်စတာရဲ့ စိုးမိုးမှုအောက်ကို လုံးလုံးရောက်ရှိသွားပါတော့တယ်။

ဒုတိယပိုင်းမှာလည်း လက်စတာ ပွဲကို ဆက်လက်စိုးမိုးခဲ့ပြီး ပွဲချိန်(၅၉)မိနစ်မှာတော့ ခြေစွမ်းပြနေတဲ့ မတ်ဒီဆန်ရဲ့ ပါးနပ်တဲ့ ဖြတ်တင်ပေးပို့မှုကနေ တီလေမန်းစ် အပိုင်ခေါင်းတိုက်ပြီး လက်စတာအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တယ်။

ဒီဂိုးနောက်ပိုင်းမှာလည်း အာဆင်နယ်ရဲ့ ခြေစွမ်းတက်မလာခဲ့ဘဲ လက်စတာရဲ့ တိုက်စစ်ဆင်မှုတွေကိုသာ ဂိုးသမားလေနို အသည်းအသန် ကာကွယ်နေခဲ့ရတယ်။ 

ပွဲချိန်(၈၆)မိနစ်မှာတော့ လက်စတာဂိုးသမား ကက်စပါရှမိုက်ကယ်လ်ရဲ့ ဂိုးလွန်ဘောကန်တင်မှုကို တိုက်စစ်မှူး ဗာဒီပါးပါးနပ်နပ်ပြေးထွက်ကာ နှစ်ကြိမ်ဆင့်အဆုံးသတ်ပြီး ဒုတိယဦးဆောင်ဂိုး ရယူခဲ့ပါတယ်။

မျှော်လင့်ချက်မဲ့နေတဲ့ အာဆင်နယ်အသင်းကို လက်စတာအသင်း ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ထပ်ဆောင်းအချိန်ပိုမှာတော့ ဗာဒီကပဲ ညာနောက်ခံလူ ပါရဲရားရဲ့ အနိမ့်ဘောဖြတ်တင်ပေးပို့မှုကို အပိုင်ပိတ်သွင်းအဆုံးသတ်ကာ လက်စတာအတွက် (၃)ဂိုးပြတ် နိုင်ပွဲကို ဖန်တီးပေးနိုင်ခဲ့တယ်။

ဒီပွဲအရှုံးဟာ အာဆင်နယ်အတွက် နောက်ဆုံးပရီးမီးယားလိဂ်(၃)ပွဲဆက်အရှုံးဖြစ်ခဲ့ပြီး  ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လိုအပ်နေတဲ့ အခြေအနေမှာ မန်ယူ-ချယ်လ်ဆီးထိပ်တိုက်တွေ့ဆုံနေမှုကို အခွင့်ကောင်းမယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Most Read

Most Recent