ဧရာဝတီအသင်းသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အရေးယူခံရမှုကြောင့် အိမ်ကွင်းပွဲများတွင် ပရိသတ်များအနေဖြင့် စည်းကမ်းတကျအားပေးရန် မေတ္တာရပ်ခံ တောင်း ဆိုခဲ့ကြောင်း သိရသည်။
ဧပြီ (၇) ရက်က ယှဉ်ပြိုင်ကစား ခဲ့သည့် MNL ပွဲစဉ် (၇) ဖြစ်သော ဟံသာဝတီအသင်းနှင့် အိမ်ကွင်းပွဲတွင် အရှေ့ဘက်ပွဲကြည့်စင်မှ ပရိသတ်တစ်ဦးက ကွင်းအတွင်းသို့ အုတ်ခဲကျိုးဖြင့် ပစ်ပေါက်ခဲ့သောကြောင့် MFF စည်းကမ်းထိန်းသိမ်း ရေးကော်မတီက စစ်ဆေးမှုများ ပြု လုပ်ကာ ဒဏ်ကြေးကျပ် (၁၀) သိန်း ချမှတ်ခဲ့သည်။ ထို့ကြောင့် ဧရာဝတီ အသင်းသည် ပရိသတ်များ၏ အားပေးမှုကို လေးစားမှုရှိကြောင်း၊ အိမ် ကွင်းပွဲများတွင် အနိုင်သုံးမှတ်ရရန် ပရိသတ်များ၏ အားပေးမှုမှာ အရေးပါပြီး စည်းကမ်းတကျအားပေးရန် အသင်း Facebook မှတစ်ဆင့် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။
ဧရာဝတီအသင်းသည် လာမည့်အိမ်ကွင်းပွဲများတွင် အလားတူဖြစ်ရပ်များ ထပ်မံဖြစ်ပွားပါက ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်ခံရဖွယ်ရှိကြောင်း သိရသည်။ ဧရာဝတီအသင်း သည် ယခုရာသီတွင် အိမ်ကွင်းနှစ်ပွဲသာ ကစားရသေးပြီး Southern အသင်း နှင့်ပွဲတွင် တစ်ဂိုးစီသရေကျကာ ဟံသာဝတီအသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဧရာဝတီအသင်းသည် ယခုရာသီ တတိယမြောက် အိမ်ကွင်းပွဲအဖြစ် ဧပြီ (၂၈) ရက်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဧရာဝတီအသင်းသည် နည်းပြသစ် ဦးမျိုးလှိုင်ဝင်းလက်ထက်တွင် ရလဒ်ကောင်းများရရှိနေပြီး ရှုံးပွဲမရှိသေးဘဲ သုံးပွဲနိုင်၊ တစ်ပွဲသရေကျထားသည်။ ဧရာဝတီအသင်းသည် ရှမ်းနှင့် အိမ်ကွင်းကစားပြီးပါက ရှုံးထွက်ပြိုင်ပွဲအဖြစ် ရတနာပုံအသင်း နှင့် ကစားရမည်ဖြစ်သည်။