ဝမ်းရေး

ဝမ်းရေး
Published 8 July 2017

လူ့ဘဝမှာ လူရယ်ဖြစ်လာလျှင် တစ်နေ့နှင့်တစ်နေ့ စဉ်းစားရသည်က အစာစားရန် ကိစ္စဖြစ်သည်။ အစာမစား၍မရ အစာမစားလျှင် အသက်ရှင်လိမ့်မည် မဟုတ်။ မိမိဘ၀ အသက်ရှင်သန်ရန်အတွက် အစာ စားသောက်ရပါသည်။ အစားအစာကို နေ့စဉ်မှန်မှန် စားဖို့ဆိုသည်ကလည်း နေ့စဉ်ဝင်ငွေရှိဖို့ လိုသည်။ ငွေရှိဖို့အတွက် အလုပ်လုပ်ရမည်။ ဘယ်အလုပ်မဆို အလုပ်လုပ်ရမည်။ ဝမ်းရေးအတွက် အဆင်ပြေအောင် ဆောင်ရွက်နိုင်ရမည်။ ထိုသည်ကိုပင် ပရိယေသန ဝမ်းစာရှာမှီးခြင်း အသက်မွေးဝမ်းကျောင်း ပြုသည်ဟု ဆိုပါသည်။

အသက်မွေးဝမ်းကျောင်း သည်ဆိုသော်လည်း တစ်ဦးနှင့်တစ်ဦးက မတူကြချေ။ ပတ်ဝန်းကျင်အခြေအနေ မိသားစုမျိုးရိုးဂုဏ်၊ ပေါင်းသင်းဆက်ဆံမှု၊ မိမိတတ်ကျွမ်းသော ပညာပေါ်မူတည်၍ အသက်မွေးကြရသည်။ ကုသိုလ်ကံ အကျိုးပေးမှုကလည်း တစ်ဦးနှင့်တစ်ဦး မတူညီပါချေ။ ဝမ်းရေးအတွက် ကောင်းသော ရှာဖွေမှုပြုကြသလို၊ မကောင်းသော အသက်မွေးမှု ပြုကြသူများလည်း ရှိကြသည်။

ဝမ်းရေးအတွက် အလုပ်လုပ်ရာတွင် ဝါသနာနှင့် ကိုက်ညီမှု ရှိ မရှိဟု ရွေးချယ်နေ၍ မရ၊ လက်ရှိ ဘဝပေးအခြေအနေအရ ဖြစ်သင့်သည်ကို ဦးစားပေး၍ လုပ်ရသည်။ ဝါသနာထက် အို ဝမ်းရေး ခက်တော့ဆိုသည့် သီချင်း စာသားလိုပင် အသက်မွေးဝမ်းကျောင်းပြုသူတိုင်း ဝါသနာနှင့် အသက်မွေးမှု ထပ်တူကျဖို့ မလွယ်ပါချေ။

“ရှာဖွေစားသောက်ရတာ ခက်ခဲလိုက်တာ၊ ငွေတွင်းကပဲ နက်နေသလား မသိပါဘူး။ ပင်ပန်းလိုက်တာ၊ ဝမ်းက တစ်ထွာလောက်သာ ရှိလို့ တစ်တောင်လောက်ဆို ခက်ရချည့်ရဲ့၊ သမုဒ္ဒရာဝမ်းတစ်ထွာ” ဟု လည်း ဝမ်းတစ်ထွာကို သမုဒ္ဒရာနှင့် နှိုင်းကြလေသည်။

လူသားတိုင်း ဝမ်းရေးကို ဆောင်ရွက်ရသည်။ သို့သော် အချို့က အသက်သာဆုံးဖြင့် ရှာဖွေချင်သည်။ ပင်ပင်ပန်းပန်း မလုပ်ချင်၊ အချို့က ခက်ခဲ ဆင်းရဲ ပင်ပန်းကြီးစွာ ဝမ်းရေးကို ပြုရ၏ အချို့က ရှာဖွေရလွယ်သည်။ အချို့က ရှာဖွေရ ခက်ခဲလေသည်။ ရှာဖွေတတ်သူ များအတွက် အချိန်နာရီ အနည်းငယ်အတွင်းမှာပင် ဒေါ်လာ သန်းနှင့်ချီ၍ ရသွားနိုင်သည်။ သောင်းဂဏန်းဆိုလည်း လွယ်သည်။ သိန်းဂဏန်းဆိုလည်း လွယ်သည်။ ပတ်သက်ရာ ပတ်သက်ကြောင်းရှိသည်။ အဆက်အသွယ် ရှိသည်။ လမ်းကြောင်းသိသည်။ လက်တစ်ဖျစ်အတွင်းမှာပင် လက်ဖျား ငွေသီးသွားသည်။ သို့သော် ငွေရှာရခက်သူများအဖို့မူ နဖူးက ချွေး ခြေမကျသည်အထိ ပင်ပန်းစွာ ရှာရသည်။ တစ်နေကုန် ရှာသော်လည်း မိသားစု ဝမ်းရေးမျှပင် မပြေသည်များလည်း ဤလောကတွင် အများကြီး ရှိပေသည်။

Most Read

Most Recent