ယခု ဇူလိုင် ၇ ရက် ဆိုလျှင် ရန်ကုန်တက္ကသိုလ်ကို ဖြိုဖျက်တာ ၅၅ နှစ်ပြည့်ပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် လူငယ်တွေက ဒီအကြောင်းကို မသိတော့ပါဘူး။
“ပျောက်သောလူ ရှာရင်တွေ့၊ သေသော လူကြာရင်မေ့”ဆိုပေမယ့် ဒီသမဂ္ဂ အဆောက်အအုံကို ဖြိုဖျက်လိုက်တာကိုတော့ ကျောင်းသားစုက ယနေ့တိုင် မမေ့ကြသေးပါဘူး။
“မြန်မာပြည်မှာလည်း အခြားနိုင်ငံတွေနည်းတူ တက္ကသိုလ်တစ်ခုတော့ ရှိသင့်တယ်” ဆိုတဲ့ အကြံပြုချက်ကို ဗြိတိသျှပါလီမန်မှာ တင်သွင်းကြတယ်။ ဒါလည်း ကောင်းတာပါပဲ။ မြန်မာနိုင်ငံသား အချို့ကို အင်္ဂလိပ်တွေ ပိုပြီး ထိထိရောက်ရောက် ခိုင်းနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တက္ကသိုလ်ကို တည်ဆောက်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
တက္ကသိုလ် တစ်ခုအတွက် အခြေခံဥပဒေ လိုပါတယ်။ ဒါကြောင့် ၁၉၂၀ ပြည့်နှစ်မှာ ဘုရင်ခံ ဆာရီဂျင်နယ်ခရက်ဒေါ့ခ်က ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ချပြတယ်။ ဒီဥပဒေမှာ ပြည်သူတွေ မကြိုက်တာတွေ အများကြီးပါတယ်။ ဥပမာ မြန်မာပြည်မှာ တက္ကသိုလ်တစ်ခုတည်း ရှိရမယ် ဆိုတာမျိုးပေါ့။ ဒါ့အပြင် တက္ကသိုလ်ရောက်ရင် အတန်း မတက်ရသေးဘူး။ စာမေးပွဲတွေ ဖြေရမယ်။ အဲဒါတွေ အောင်မှ ကျောင်းတက်ခွင့် ပြုတာမျိုးတွေလည်း ပါတယ်။ တက္ကသိုလ် ကျောင်းသားတိုင်း အဆောင်နေဖို့လည်း အဆိုပြုထားတယ်။ မိဘပြည်သူတွေက လက်မခံဘူး။ ဒါပေမဲ့ ဘုရင်ခံက မြန်မာတွေ “ပညာရေး နားမလည်ပါဘူး” ဆိုတာ အတည်ပြု ပြဋ္ဌာန်းခဲ့တယ်။
ကျောင်းသား အများက မကျေနပ်ဘူး။ သပိတ်မှောက်ကြတာပေါ့။ သပိတ်စခန်းကို ရွှေတိဂုံ အရှေ့ဘက်မုခ်မှာ ရှိတဲ့ ရှင်ဦးအရိယကျောင်းမှာ ပြုလုပ်တယ်။ အစိုးရက ကျောင်းသားတွေ တောင်းဆိုချက်ကို မလိုက်လျော ဘူး။ ဒီတော့ အဲဒီကျောင်းသားတွေလည်း ကျောင်းပြန် မတက်ကြပါဘူး။ ဒါပေမဲ့ မြန်မာ ကျောင်းသားတွေဟာ ပညာရေးရဲ့ အရေးပါပုံကို သိရှိ သဘောပေါက်ကြတယ်။ ဒါကြောင့် ကျောင်းပြန် မတက်ကြပေမယ့် အမျိုးသားကျောင်းတွေကို ဖွင့်ခဲ့ကြတယ်။ ဒါနဲ့ပဲ မြန်မာပြည်အနှံ့ အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာတယ်။