ဝန်ထမ်းလစာနှင့် အနိမ့်ဆုံးလစာ အဆ ၂၀၀ ခန့် ပြောင်းလဲသွားပြီး နိုင်ငံဆင်းရဲနေချိန်တွင် ထိုက်သင့်သည့် ဘဏ္ဍာငွေရရှိရန် ယာဉ်မောင်းလိုင်စင် အခွန်အခ ၁၀ ဆဝန်းကျင်သာ တိုးမြှင့်ခဲ့ကြောင်း ထပ်မံအသိပေး

ဝန်ထမ်းလစာနှင့် အနိမ့်ဆုံးလစာ အဆ ၂၀၀ ခန့် ပြောင်းလဲသွားပြီး နိုင်ငံဆင်းရဲနေချိန်တွင် ထိုက်သင့်သည့် ဘဏ္ဍာငွေရရှိရန် ယာဉ်မောင်းလိုင်စင် အခွန်အခ ၁၀ ဆဝန်းကျင်သာ တိုးမြှင့်ခဲ့ကြောင်း ထပ်မံအသိပေး
Published 6 October 2018
ဖြိုးဝေ

ယာဉ်မောင်းလိုင်စင် လုပ်ငန်းတွင် ကောက်ခံနေသည့် နှုန်းထားများကို ဆယ်ဆကျော် တိုးမြှင့်ကောက်ခံမည်ဟု ကြေညာခဲ့သည့်အတွက် ဝေဖန်မှုများ ထွက်ပေါ်နေပြီး ထိုသို့ထွက်ပေါ်နေသည့် ဝေဖန်မှုများအပေါ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက အနိမ့်ဆုံးလစာ၊ ဝန်ထမ်းလစာမှာ နှစ် ၂၀ ကျော်ကာလအတွင်း အဆ ၂၀၀ ဝန်းကျင် ပြောင်းလဲသွားပြီး နိုင်ငံဆင်းရဲနေချိန်တွင် ထိုက်သင့်သည့် ဘဏ္ဍာငွေရရှိရန်  ယာဉ်မောင်းလိုင်စင် အခွန်အခ တိုးမြှင့်မှု ပျမ်းမျှ ၁၀ ဆဝန်းကျင်သာ တိုးမြှင့်ခဲ့ကြောင်း ထပ်မံအသိပေး ကြေညာချက်ကို အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ယာဉ်မောင်းလိုင်စင်အခများသည် နိုင်ငံတော်ဘတ်ဂျက်သို့ ထည့်ဝင်သည့့် နိုင်ငံ့ဘဏ္ဍာဖြစ်ပြီး နိုင်ငံဆင်းရဲနေချိန်တွင် ထိုက်သင့်သည့် နိုင်င့ံဘဏ္ဍာဝင်ငွေ ရရှိစေရန် ရည်ရွယ်လျက် လက်ရှိငွေကြေး တန်ဖိုးများနှင့် မည်သို့မျှ မသင့်လျော်တော့သည့် ၁၉၉၇ ခုနှစ်က နှုန်းဟောင်းများကို ပြင်ဆင်ခြင်းသာဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

ယာဉ်မောင်းလိုင်စင် အခွန်အခများ တိုးမြှင့်ရာတွင် Consumer Price Index(CPI - စားသုံးသူစျေးဆနှုန်း) နှင့် အနိမ့်ဆုံးလစာ၊ ဝန်ထမ်းလစာ တိုးတက်ပြောင်းလဲမှုများကို လေ့လာထည့်သွင်း စဉ်းစားလျက် အသက်သာဆုံးနှုန်းထား ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ဥပမာအားဖြင့် CPI သည် ၁၉၉၇ ခုနှစ်က ၈ ဒသမ ၃၇ သာရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၁၃၉ ဒသမ ၈၂ အထိ ၁၇ ဆ တိုးမြင့်လာခြင်း၊ နိုင်ငံ့ဝန်ထမ်းယာဉ်မောင်း (၅) တစ်ဦး အခြေခံလစာသည် ၁၉၉၇ ခုနှစ်က ကျပ် ၈၀၀ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၁၆၂၀၀၀ အထိ ၂၀၂ ဒသမ ၅ ဆတိုးမြင့်လာခြင်း၊ နိုင်ငံ့ဝန်ထမ်း ဦးစီးအရာရှိ တစ်ဦး၏ အခြေခံလစာသည် ၁၉၉၇ ခုနှစ်တွင် ၁၅၇၅ ကျပ်မှ ၂၀၁၈ ခုနှစ်တွင် ၂၇၅၀၀၀ ကျပ်သို့ ၁၇၄ ဒသမ ၆ ဆ တိုးလာ ခြင်း၊ နေ့စားလုပ်သား တစ်ဦး၏ နေ့စားနှုန်း သည် ၁၉၉၇ ခုနှစ်က ကျပ် ၂၀ သာရှိရာမှ ၂၀၁၈ ခုနှစ် ကျပ် ၄၈၀၀ သို့ အဆ ၂၄၀ တိုး လာခြင်း၊ ပြင်ပပုဂ္ဂလိက ယာဉ်မောင်းတစ်ဦး၏ ပျမ်းမျှလစာသည် ၁၉၉၇ ခုနှစ်က ၁၂၀၀ ကျပ် ဝန်းကျင်ရှိရာမှ ၂၀၁၈ ခုနှစ်တွင် ပျမ်းမျှ ကျပ် သုံးသိန်းခန့် အဆ ၂၅၀ တိုးမြင့်လာခြင်း စသည် များကို လေ့လာတွေ့ရှိရပြီး ထိုသို့ နှစ် ၂၀ ခန့်အတွင်း အဆ ၂၀၀ ဝန်းကျင် ပြောင်းလဲသွား သော်လည်း ဌာနအနေဖြင့် ပျမ်းမျှ ၁၀ ဆခန့်သာ တိုးမြင့်ခဲ့ကြောင်း ထပ်မံအသိပေးချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာတွင် ယာဉ်မောင်းလိုင်စင်ခမှ  နိုင်ငံအလိုက် ကန်ဒေါ်လာ ၁၂၀ မှ ၇၀ အကြား ကျသင့်နေချိန်တွင် မြန်မာနိုင်ငံ၏ (ခ) ယာဉ်မောင်းလိုင်စင်မှာ နှုန်းဟောင်းအရ နှစ် ဒေါ်လာခန့်သာရှိနေပြီး (င) လိုင်စင်မှာ ၃၂၀၀ ကျပ်ခန့်သာ ရှိနေခြင်းမှာ နိုင်ငံ့အတွက် နစ်နာ ဆုံးရှုံးမှုဖြစ်နေသည့်အတွက် (ခ) လိုင်စင်ကို ၃၅ ဒေါ်လာခန့် (၅၀၀၀ ကျပ်) နှင့် (င) လိုင် စင်ကို ၇၅ ဒေါ်လာခန့် (ကျပ် ၇၅၀၀၀) ခန့်သို့ ပြောင်းလဲရခြင်းဖြစ်ကြောင်း ထပ်မံအသိပေး ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လက်ရှိ ယာဉ်မောင်းလိုင်စင် နှုန်းထားများမှာ တစ်နှစ်အတွက် နှုန်းထားများ မဟုတ်ဘဲ ငါးနှစ်၊ သုံးနှစ်အတွက် နှုန်းထားများ သာ ဖြစ်ပြီး ပုဂ္ဂလိက ယာဉ်မောင်း (ခ) လိုင်စင် အတွက် ကျပ် ၅၀၀၀၀ သည် ငါးနှစ်အတွက် ဖြစ်သဖြင့် တစ်နှစ် ကျပ် ၁၀၀၀၀ သာ ကျသင့်မည် ဖြစ်ကြောင်းနှင့် နိုင်ငံသားများအတွက် အမြင့်ဆုံး ယာဉ်မောင်းလိုင်စင် နှုန်းထားများမှာ (င) လိုင်စင်သက်တမ်းသုံးနှစ် ကျပ် ၇၅၀၀၀ ဖြစ်ပြီး တစ်နှစ် ကျပ် ၂၅၀၀၀ သာ ကျသင့်ကာ ယာဉ်ကြီးများကို မောင်းနှင်နိုင်မည်ဖြစ်၍ အဆိုပါ (င) လိုင်စင်ကိုင်ဆောင်သူ တစ်ဦးက ယာဉ်ကြီးများကို မောင်းနှင်ရာ၌ ရရှိမည့်လစာနှင့် နှိုင်းယှဉ်ပါက တစ်နှစ် ကျပ် ၂၅၀၀၀ မှာ ဆီလျော်သည်ဟု ယူဆကြောင်း ထပ်မံအသိပေးချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် နှုန်းထားအသစ်အရ အမြင့်ဆုံးဖြစ်သည့် ကျပ် ၁၅၀၀၀၀ မှ International Driving Permit နှင့် နိုင်ငံခြားလိုင်စင်မှ (ခ) လိုင်စင်ပြောင်းခြင်း အတွက်သာဖြစ်ပြီး ပြည်ပနိုင်ငံခြားသားများ အတွက်သာ ရည်ရွယ်ထား၍ ပြည်တွင်းနေ နိုင်ငံသားများကို ထိခိုက်မှု မရှိနိုင်ကြောင်းနှင့် ယာဉ်မောင်းလိုင်စင်ခ တိုးမြှင့်ရာတွင် အဖက်ဖက်မှ လေ့လာသုံးသပ် ဆင်ခြင်စဉ်းစားပြီးမှ ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်တင်ပြ အတည်ပြုချက်ရယူ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ထပ်မံအသိပေးချက်တွင် ဖော်ပြထားသည်။                                    

 

Most Read

Most Recent