လမ်းဘေး စားသောက်ဆိုင်များတွင် အစားအသောက် ရောင်းချသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဒေသဆိုင်ရာ အာဏာပိုင်များမှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း အောက်တိုဘာ ၅ ရက်က UMFCCI တွင် ပြုလုပ်သည့် ‘ဒုတိယအကြိမ် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော စားသောက်ကုန်များဆီသို့’ ဆွေးနွေးပွဲ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။
“ဝန်ကြီးဌာနအနေနဲ့ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး ကိစ္စတွေကို အထူးကိစ္စတစ်ခုအနေနဲ့ ဆောင်ရွက်နေပါတယ်။ FDA ကိုလည်း ဝန်ထမ်းအင်အား ဖြည့်ဆည်းပေးတာအပြင် ခွင့်ပြုရရှိတဲ့ ဘဏ္ဍာငွေနဲ့ ပစ္စည်းကိရိယာတွေ တိုးမြှင့်ဝယ်ယူ ပေးထားပါတယ်။ နောက်လမ်းဘေးစားသောက်ဆိုင် တွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေ ဘေးအန္တရာယ်ကင်းရှင်းဖို့ အစားအသောက် ရောင်းချသူတွေ ပြင်ဆင်ချက်ပြုတ်တဲ့အခါ လိုက်နာရမယ့် အချက်တွေ၊ ရှောင်ကြဉ်ရမယ့် အချက်တွေ၊ အစားအသောက်ကတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်တဲ့ ရောဂါတွေအကြောင်း ပါဝင်တဲ့ လက်ကမ်းစာစောင်တွေပြုစုပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေကတစ်ဆင့် မကြာမီကာလအတွင်း ဖြန့်ဖြူးပေးသွားမှာပါ” ဟုပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အန္တရာယ်မကင်းသော စားသောက်ကုန် များကို စားသောက်ရာမှတစ်ဆင့် ချက်ချင်း သော်လည်းကောင်း၊ အချိန်ကာလအတိုင်း အတာတစ်ခုတွင် လည်းကောင်း ရောဂါများ ဖြစ်ပွားနိုင်ကြောင်း၊ မသန့်ရှင်းသောဆီ၊ ဆိုးဆေးနှင့် ဘေးအန္တရာယ် မကင်းသော အခြား ဓာတုဗေဒပစ္စည်းများပါဝင်သော အစားအသောက် များမှတစ်ဆင့် ကင်ဆာရောဂါအမျိုးမျိုး၊ အသည်းရောဂါများ ဖြစ်ပွားစေနိုင်ကြောင်းနှင့် ယခုအချိန်မှစ၍ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော စားသောက်ကုန်များ ရရှိစားသုံးနိုင်ရေးကိစ္စ ကို ပထမဦးစားပေးလုပ်ငန်း တစ်ရပ်အနေဖြင့် မဆောင်ရွက်ပါက ရေရှည်တွင် မြောက်မြားစွာသော ကျန်းမာရေး ပြဿနာများကို ပြည်သူများ ရင်ဆိုင်ရမည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပြည်သူများအနေဖြင့် အစားအသောက်နှင့် ပတ်သက်သော ကျန်းမာရေး အသိပညာ မြင့်မားပါက အရည်အသွေး မပြည့်မီသော၊ ဘေးဖြစ်စေနိုင်သော၊ FDA တွင် မှတ်ပုံတင်ထားခြင်း မရှိသော စားသောက်ကုန်များကို ဝယ်ယူစားသုံးခြင်းမှ ရှောင်ကြဉ်လာမည်ဖြစ်ပြီး ထိုသို့စားသုံးသူများက ဝယ်ယူစားသုံးခြင်း မပြုပါက ထုတ်လုပ်တင်သွင်း ရောင်းချသူများကလည်း အဆိုပါ စားသောက်ကုန်များကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ရောင်းချခြင်း ပြုလုပ်တော့မည် မဟုတ်ကြောင်းကိုလည်း အဆိုပါ အခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။















