စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် သရက်ကျင်းဓမ္မာရုံ ရေစက်ချပွဲ လင်းရတနာဇာတ်ပွဲ ကပြဖျော်ဖြေခဲ့ပြီး အဆိုပါပွဲတွင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ တာဝန်ပေါ့လျော့စွာ ဆောင်ရွက်ခဲ့သည့် ရဲအရာရှိတစ်ဦးနှင့် ရဲတပ်ကြပ်တို့အား အရေးယူရန်အတွက် ရဲချုပ်ထံ တင်ပြထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် လေးလပိုင်းက ဒီပဲယင်းမြို့နယ် သရက်ကျင်းကျေးရွာ လင်းရတနာဇာတ်ပွဲ စတိတ်ရှိုး ဖျော်ဖြေနေစဉ် လူငယ်များသည် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းခိုက်ရန် ဖြစ်ပွားမှုမှာ ဒီပဲယင်းမြို့နယ် အောင်စည်မြေကျေးရွာနေ လူငယ်တစ်ဦးသည် ဓားထိုးခံရပြီး ဝဲဘက်ရင်အုံအောက် ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိကာ သေဆုံးသွားခဲ့ကြောင်း ဆက်လက်သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဓားထိုးတရားခံမှာ ဖမ်းဆီးရမိခဲ့ခြင်း မရှိကြောင်း၊ ယင်းဖြစ်စဉ်အပေါ် ဒီပဲယင်းမြို့နယ် အောင်စည်ကျေးရွာနေ ဒေသခံငါးဦးက တိုင်ကြားလာခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးရုံးမှ စုံခုံဖွဲ့စည်းကာ စိစစ်စေခဲ့ရာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးမှာ တာဝန်ပေါ့လျော့စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးမှုနှင့် ပတ်သက်၍ ဓားထိုးမှုတရားခံအား အချိန်မီထိန်းသိမ်းနိုင်မှု မရှိဘဲ တာဝန်ပေါ့လျော့စွာ ဆောင်ရွက်ခဲ့ကြသည့် ဒုရဲအုပ်ချစ်ဝင်းနှင့် ရဲတပ်ကြီးလှမျိုးအောင် တို့အပေါ် ရဲယာဉ်စည်းကမ်း ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ထံ တင်ပြထားကြောင်း သိရသည်။















