ဂိုးသမားက အသင်း၏အကောင်းဆုံးကစားသမားဖြစ်နေခြင်းမှာ ဆိုးရွားသည့်အခြေအနေတစ်ခုဖြစ်သည်ဟု ကလော့ပ် ဝန်ခံ

ဂိုးသမားက အသင်း၏အကောင်းဆုံးကစားသမားဖြစ်နေခြင်းမှာ ဆိုးရွားသည့်အခြေအနေတစ်ခုဖြစ်သည်ဟု ကလော့ပ် ဝန်ခံ
Published 5 October 2018

 

လီဗာပူးလ်အသင်း၏နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က နာပိုလီအသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် အသင်း၏ဂိုးသမား အယ်လစ်ဆန်အား ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ဂိုးသမားတစ်ဦးက အသင်း၏ အကောင်းဆုံးကစားသမားဖြစ်နေခြင်းမှာ အနုတ် လက္ခဏာဆောင်သည့်အခြေအနေဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယင်းပွဲတွင် ပွဲချိန်နောက်ဆုံးမိနစ်၌ သွင်းယူခဲ့သည့် အင်ဆစ်ဂ်နီ၏ သွင်းဂိုးဖြင့် ရှုံးနိမ့် ခဲ့ခြင်းဖြစ်ပြီး ပွဲချိန်တစ်လျှောက်လုံးတွင် ဂိုးပေါက်တည့် ကန်ချက်တစ်ကြိမ်မှမရှိသည်အထိ အခြေအနေဆိုးရွားခဲ့ သည်။ 

ထို့ပြင် နာပိုလီအသင်း၏ တိုက်စစ်ဆင်မှုများကို အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပြီး ဂိုးသမားဖြစ်သူ အယ်လစ်ဆန် လက်စွမ်းပြနိုင်ခဲ့သဖြင့်သာ တစ်ဂိုးတည်းဖြင့် ကပ်ရှုံးခဲ့ခြင်းလည်းဖြစ်သည်။ ယင်းအတွက်ကြောင့် ယာဂန်ကလော့ပ်က "ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှမရှိခဲ့ဘူး။ ကျွန်တော်ကတော့ နောက်ဆုံးအကြိမ် ဒီလိုဖြစ်ခဲ့တဲ့အချိန်ကို မမှတ်မိတော့ပါဘူး။ ဒီလိုဖြစ်ရခြင်းမှာ နာပိုလီအသင်း ကောင်းလို့တင်မဟုတ်ဘဲ လီဗာပူးလ်အသင်း အရမ်းညံ့နေ တာကြောင့်လည်း ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အသင်းဟာ ဒီထက်ပိုကောင်းအောင် ကစားနိုင်ပါ တယ်။  ပထမပိုင်းမှာ သိပ်မဆိုးပေမယ့် ဒုတိယပိုင်းမှာတော့ တော်တော်လေးကို ဆိုးခဲ့ပါတယ်။ ဘောလုံးအသင်းတစ် သင်းမှာ ဂိုးသမားတစ်ဦးက အကောင်းဆုံးဖြစ်နေပြီဆိုရင် ဒါဟာ အနုတ်လက္ခဏာပြတဲ့အခြေအနေဖြစ်ပြီး ဒီနေ့ပွဲမှာ အယ်လစ်ဆန်က အကောင်းဆုံးကစားသွားခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီကိုလည်း သူအလွန်သဘောကျသည့် နည်းပြတစ်ဦးဖြစ်ပြီး အ တွေ့အကြုံကြွယ်ဝသူဖြစ်ကြောင်း ချီးကျူးခဲ့သည်။

Most Read

Most Recent