မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်ရှိ အသုံးမပြုတော့သည့် ရေတွင်းအတွင်းသို့ ယောကျ်ားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦး ခုန်ချပြီး ရေနစ်သေဆုံးမှု ဖြစ်ပွား

မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်ရှိ အသုံးမပြုတော့သည့် ရေတွင်းအတွင်းသို့ ယောကျ်ားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦး ခုန်ချပြီး ရေနစ်သေဆုံးမှု ဖြစ်ပွား
Published 6 April 2018

မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက် (၁၂) လမ်း (အပေါ်ပိုင်း)ရှိ အသုံးပြုတော့သည့် ရေတွင်းအတွင်းသို့ယောကျ်ားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ ဧပြီ ၄ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က ခုန်ချခဲ့ရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရေနစ်သေဆုံးခဲ့သူနှစ်ဦးမှာ မော်လမြိုင်မြို့ သီရိမြိုင် (၈) လမ်း၊ အပေါ်ပိုင်းခြံစုရပ်နေ မောင်စည်သူအောင် (၁၇ နှစ်) (ဘ) ဦးမောင်ထွေးနှင့် မော်လမြိုင်မြို့ သီရိမြိုင် (၇) လမ်း၊ အပေါ်ပိုင်းနေ မမေသဇင်ဦး (၁၅ နှစ်) တို့ဖြစ်ကြောင်းနှင့် ၎င်းတို့ ခုန်ချခဲ့သော ရေတွင်းမှာ အချင်း ၁၅ ပေခန့်၊ အနက် ပေ ၂၀ ခန့်ရှိပြီး အသုံးပြုခြင်းမရှိတော့သည့် ရေတွင်းဖြစ်ကြောင်းနှင့် ၎င်းတို့တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ တွေ့ရှိရခြင်းမရှိကြောင်း မုပွန်နယ် မြေရဲခစန်း၏ ရဲမှတ်တမ်းအရ သိရသည်။

“ည ၉ နာရီ ၁၅ မိနစ်လောက် ကျွန်တော်တို့ဆီကို သတင်းဝင်လာတယ်။ အဲ့ဒါနဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေကို အသိပေး အကြောင်းကြားလိုက်ပါတယ်။ အဲ့ဒီရေတွင်းက အသုံးမပြုတော့တဲ့ ရေတွင်းဖြစ်ပါတယ်။ ရေတွင်းအဝက ၁၅ ပေလောက်ကျယ်တယ်။ ရေတွင်းရဲ့အနီးဆုံးအိမ်ကလူတွေ ရေထဲခုန်ချတဲ့ အသံကြားလို့ ရေတွင်းထဲလာကြည့်တော့ ရေပူဖောင်းလေတွေပဲ တွေ့ရတော့တယ်လို့ ပြောပါတယ်။ အဲဒီနောက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာတော့မှ ရေတွင်းထဲကို စနစ်တကျနဲ့ ဆင်းဆယ်ရပါတယ်။ အရင်ဆုံးကောင်လေးကို ဆယ်လို့ရတယ်။ နောက် ၁၀ မိနစ်လောက်ကျတောမှ ကောင်မလေးကို ဆယ်လို့ရပါတယ်။ ကောင်လေးကိုဆယ်လို့ရပြီးပြီးချင်း ရှေးဦးသူနာပြုနည်းနဲ့ဆောင်ရွက်ပြီးတော့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။ ကောင်မလေးကို ဆယ်လို့ရတဲ့အချိန်မှာလည်း ရှေးနည်းအတိုင်းပါပဲ။ မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု မုပွန်နယ်မြေရဲခစန်းမှူး ဒုရဲမှူးစိန်ဝင်းက ပြောကြားသည်။ “ကောင်လေးက သီရိမြိုင်ရပ်ကွက်ထဲကပဲ။ ကောင်မလေးက ရန်ကုန်ကနေ ဒီမှာလာနေပြီးတော့ ဆံပင်အတုဆိုင်မှာ အလုပ်လုပ်နေတယ်လို့ သိရပါတယ်။ ကောင်မလေးရဲ့ နေရပ်အတိအကျကိုတော့ စုံစမ်းဆဲပါပဲ” ဟု ဒုရဲမှူးစိန်ဝင်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် သိရှိနိုင်ရန် မုပွန်နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၄/၂၀၁၈) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်းနှင့် စခန်းမှူး ဒုရဲမှူးစိန်ဝင်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent