သြဂုတ် ၉ ရက်က မနီလာဆင်ခြေဖုံးရှိ အစိုးရရုံးတစ်ရုံးတွင် ဖိလစ်ပိုင်မယ်စကြဝဠာဟောင်း ပီယာဝါစဘတ်က HIV စမ်းသပ်မှုကို ခံယူနေစဉ် (Photo -AFP)[/caption]
ဖိလစ်ပိုင်သည် အာရှတွင် HIV ကူးစက်မှုနှုန်း အမြန်ဆုံးနိုင်ငံဖြစ်သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပြီးနောက် ဖိလစ်ပိုင် မယ်စကြဝဠာဟောင်း ပီယာဝါစဘတ်သည် မနီလာတွင် သြဂုတ် ၉ ရက်က ပြည်သူများ HIV စမ်းသပ်ရေးလှုံ့ဆော်မှုကို ဦးဆောင်ခဲ့သည်။ အာရှ-ပစိဖိတ်ဆိုင်ရာ UNAIDS ၏ သံတမန်ဖြစ်သော ဝါစဘတ်သည် HIV ဆိုင်ရာ သတိရှိမှုမြှင့်တင်ရေးလှုပ်ရှားမှု တစ်ရပ်အဖြစ် သတင်းထောက်များရှေ့၌ HIV စမ်းသပ်မှုကို ခံယူခဲ့သည်။
ဖိလစ်ပိုင်တွင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အတွင်း HIV ကူးစက်ခံရမှု ၁၄၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ထိုကာလအတွင်း ဒေသတွင်း၌ HIV ကူးစက်မှုသည် ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကုလသမဂ္ဂနှင့် ဖိလစ်ပိုင်အစိုးရက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။
ရှေးရိုးစွဲ ကက်သလစ်ခရစ်ယာန်နိုင်ငံ ဖိလစ်ပိုင်တွင် HIV နှင့်ပတ်သက်ပြီး သတိရှိမှု ကျယ်ပြန့်ရန် စိန်ခေါ်မှုရှိကြောင်း ဝါစဘတ်က ပြောကြားခဲ့သည်။ လူဦးရေ သန်း ၁၀၀ ရှိသော ဖိလစ်ပိုင်တွင် ရာခိုင်နှုန်း ၈၀ ခန့်သည် ကက်သလစ်များဖြစ်ကြပြီး ပဋိသန္ဓေတားရန် ဆောင်ရွက်မှုများအား ဘုရားကျောင်းက မထောက်ခံပေ။ HIV စမ်းသပ်မှုကိုလည်း တားမြစ်ထားသော ဓလေ့တစ်ခုအဖြစ် ယူဆကြသည်။
ဝါစဘတ်သည် ၂၀၁၅ ခုနှစ်တွင် မယ်စကြဝဠာဆုရခဲ့ပြီးနောက် HIV ပညာပေး လုပ်ငန်းများကို ဆောင်ရွက်နေခဲ့သည်။ အသက် ၁၅ နှစ်အရွယ်ရှိသူများသည် မိဘများ၏ဆန္ဒမလိုဘဲ HIV စမ်းသပ်မှုခံယူခွင့်ပြုသည့် အကြံပြုဥပဒေများပြဋ္ဌာန်းရေးကို သူကထောက်ခံထားသည်။