မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုများကြောင့် တံတားဦးမြို့နယ်ရှိ ပဲမြစ်စိုက်ခင်းများ ယခင်နှစ်ကထက် အထွက်နှုန်းလျော့ကျ

မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုများကြောင့် တံတားဦးမြို့နယ်ရှိ ပဲမြစ်စိုက်ခင်းများ ယခင်နှစ်ကထက် အထွက်နှုန်းလျော့ကျ
Published 29 December 2017

သီးနှံအဝယ်ဒိုင်တွင် ပဲမြစ်များရောင်းဝယ်နေသည်ကို တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အတွင်းရှိ ပဲမြစ်စိုက်ခင်းများသည်  ယခုနှစ် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ယခင်နှစ်ထက် ပဲမြစ်ထွက်နှုန်းလျော့နည်းကြောင်း ပဲမြစ်စိုက်တောင်သူများထံက သိရသည်။

တံတားဦးမြို့နယ်အတွင်းရှိ ပဲမြစ်စိုက် တောင်သူများသည် နှစ်စဉ် ဝါဆိုလမှ စတင်၍ ပဲမြစ်များကို စိုက်ပျိုးပြီး တန်ဆောင်မုန်း၊ နစ်တော်လများတွင် ပဲမြစ်များပေါ်ကာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိရာမှ ယခုနှစ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ထပ်မံ၍ မျိုးစေ့ချထွန်ယက် စိုက်ပျိုးခဲ့ရကြောင်း ပဲမြစ်စိုက်တောင်သူများထံက သိရသည်။

“ပဲမြစ်က ဒီနှစ်ရာသီက မိုးများတဲ့အတွက် တစ်ဧက တစ်တင်းစိုက်တယ်။ ပြဲမစ် အချိန် ၉၀၀ လောက်ပဲထွက်ပါတယ်။ ခါတိုင်း နှစ်တွေနဲ့စာရင် မိုးများလို့အထွက် နှုန်းနည်းပါတယ်။ ကုန်းပိုင်းက တစ်ဧကကို ပဲမြစ်အချိန် ၁၂၀၀၊ ၁၃၀၀ လောက်ထွက်ပါတယ်။ ရာသီဥတုက ဒီနှစ်မကောင်းတော့ တောင်သူတွေလည်း နှစ်ထပ်ကွမ်း ကြဲရတယ်။ ပဲမြစ်လည်း နှစ်ထပ်ကွမ်း ဖြစ်ကြပါတယ်။ ရာသီဥတုက မိုးများတဲ့အတွက်ကြောင့်မို့ တောင်သူတွေ ဆုံးရှုံးနစ်နာမှုများတယ်။ ပဲမြစ်က တစ်ဧကကို ပဲမြစ်အချိန် ၉၀၀ လောက်ထွက်ပါတယ်။ ကောင်းရင်တော့ ၁၂၀၀ ပေါ့” ဟု တံတားဦးမြို့နယ် စကားအင်းကျေးရွာမှ ပဲမြစ်စိုက်တောင်သူ ဦးသောင်းဝင်းက ပြောကြားသည်။

ပဲမြစ်စိုက်ခင်း တစ်ဧကလျှင် မျိုးစေ့တစ်တင်းချ စိုက်ပျိုးရာ ပဲမြစ် ၁၅ ပိဿာ ကုန်ချိန် ၉၀၀ ပုံမှန်ထွက်ရှိကြောင်း၊ လက်ရှိတွင် ပဲမြစ်ဈေးနှုန်းမှာ ပဲမြစ်ဘု (ထိပ်စ) တစ်ပိဿာလျှင် ပွဲရုံဈေးငွေကျပ် ၁၀၀၀၊ ပဲမြစ် အလတ်ပွဲရုံဈေး ကျပ် ၈၀၀၊ ပဲမြစ် အသေးပွဲရုံဈေးကျပ် ၅၀၀ ဈေးရှိကာ ယခုနှစ်မှာပဲမြစ် အထွက်နှုန်း လျော့နည်းသဖြင့် ပဲမြစ်ဈေးကောင်းမွန်ကြောင်း ပဲမြစ်ပွဲရုံပိုင်ရှင် ဦးရန်နိုင်က ပြောကြားသည်။

“တစ်နေ့ တစ်နေ့ကို ကုန်ချိန် ၉၀၀၀၊ ၁၀၀၀၀ ပေါ့၊ ငါးလလောက် လုပ်ရပါတယ်။ ပဲမြစ်ပေါက်ဈေးက အတက်အကျတော့ ရှိတာပေါ့။ ပဲမြစ်ကြည့်ပြီ ဈေးဖြတ်ရတာပေါ့၊ ၅၀၀ ကနေ ၁၀၀၀ အထိရှိပါတယ်။ ကုန်ချိန် အထွက်များတဲ့အတွက် ဈေးနှုန်းကျပါတယ်။ ၂၀၁၅ ခုနှစ်လောက်က  တစ်ရက်ကို ကုန်ချိန် ၂၀၀၀၀၊ ၃၀၀၀၀ လောက်ဝင်တယ်။ တစ်ပိဿာမှ ၄၀၀၊ ၅၀၀ ပဲရှိပါတယ်။ ဒီနှစ် အနေအထားအရ ကုန်ချိန်က မိုးများတဲ့အတွက် ပဲမြစ်အထွက်နှုန်းနည်းတော့ ဈေးကကောင်းပါတယ်” ဟု ၎င်းက ပြောကြားသည်။

တံတားဦးမြို့နယ်အတွင်းရှိ စကားအင်း ကျေးရွာ၊ မန်းကျီးတောကျေးရွာ၊ သူငယ်တော် ကျေးရွာတို့တွင် ပဲမြစ်ကို အဓိကထားစိုက်ပျိုးလျက်ရှိပြီးလက်ရှိတွင် ပဲမြစ်ပေါ်ချိန်ဖြစ်၍ ပွဲရုံများသို့ နေ့စဉ်ကုန်ချိန် ၉၀၀၀၊ ၁၀၀၀၀ ကြားဝင်ရောက် အရောင်းအဝယ်ဖြစ်နေပြီး ထို့မှတစ်ဆင့် ရောင်းချသူများက မုံရွာ၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ ဖားကန့်၊ မူဆယ်စသည့်  မြို့နယ်များသို့ လက်လီဈေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent