မြစ်ကြောင်းနှင့် မြို့ပေါ်ရှိကားလမ်းများ၊ ရထားလမ်းများနှင့် ဆုံစည်းသည့်နေရာများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် ပြင်သစ်နိုင်ငံအကူအညီဖြင့် လေ့လာဆန်းစစ်နေဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

မြစ်ကြောင်းနှင့် မြို့ပေါ်ရှိကားလမ်းများ၊ ရထားလမ်းများနှင့် ဆုံစည်းသည့်နေရာများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် ပြင်သစ်နိုင်ငံအကူအညီဖြင့် လေ့လာဆန်းစစ်နေဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား
Published 29 December 2017

ခရီးသည်အများအပြား နေ့စဉ်လာရောက်လျက်ရှိသည့် နန်းသီတာဆိပ်ကမ်းကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

မြစ်ကြောင်းနှင့် မြို့ပေါ်ရှိ ကားလမ်းများ၊ ရထားလမ်းများနှင့် ဆုံစည်းသည့်နေရာများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန် ပြင်သစ်နိုင်ငံ အကူအညီဖြင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာ၂၈ရက်နံနက် ၆ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ငါးမာန်အောင် ဘုရားလမ်းတို့ကို ဆက်သွယ်ထားသည့် ငမိုးရိပ်တံတား (သစ္စာလမ်း) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“ငမိုးရိပ်ချောင်းရိုးကနေပြီးတော့  Water Bus တွေလာနိုင်မယ်ဆိုရင် ဒီနေရာဟာ ပိုပြီး သွားလာရေး လွယ်ကူလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က ပြင်ဆင်ထားတဲ့ အခြေအနေက Water Bus ကို ရန်ကုန်မြစ်ကြောင်း တစ်လျှောက်ပြေးဆွဲနေပါတယ်။ ဒီကနေ ရန်ကုန်မြစ်ကနေတစ်ဆင့် ရန်ကုန်မြို့ကို ပတ်နိုင်ဖို့ဆိုရင် ငမိုးရိပ်ချောင်းရိုးကို ပြင်ဆင်ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် ငမိုးရိပ်ချောင်းရိုးကို ပြန်လည်အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း၊ မြစ်ကြောင်းနှင့် မြို့ပေါ်ရှိ ကားလမ်းများ၊ ရထားလမ်းများနှင့် ဆုံစည်းသည့်နေရာများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် ပြင်သစ်နိုင်ငံ၏ အကူအညီဖြင့် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေကြောင်း ငမိုးရိပ်ချောင်းရိုးသည် မြို့၏အလယ်တွင် တည်ရှိနေသည့်အတွက် ချောင်းရိုးတစ်လျှောက်တွင် ရေလမ်းခရီးကို အဆင့်မြှင့်တင်နိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ငါးမာန်အောင်ဘုရားလမ်းတို့ကို ဆက်သွယ်ထားသည့် ငမိုးရိပ်တံတား (သစ္စာလမ်း) တံတားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် MMA ENEINEERING CONSULTANT'L..,LTD  မှ တာဝန်ယူကြီးကြပ်ပြီး မြတ်နိုးသူ ဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားသည် ကျပ်သန်း ၅၀၀၀ ကျော် အကုန်အကျခံဆောက်လုပ်ထားသည့် မြစ်ကူးတံတားတစ်စင်းဖြစ်ကြောင်း၊ ငမိုးရိပ်ချောင်းတွင် ယင်းတံတား အပါအဝင် စုစုပေါင်းတံတား ၁၈ စင်းရှိကြောင်း၊ ရန်ကုန်မြို့၏ ဆက်သွယ်ရေးလွယ်ကူစေရန် တောင်ဥက္ကလာနှင့် မြောက်ဒဂုံဘက်အခြမ်းကို ဆက်သွယ်ထားသည့် တံတားဖြစ်ကြောင်း၊ ငမိုးရိပ်ချောင်းကူး၊ ပါရမီမြစ်ကူးတံတားသည် အသွားအလာ အလွန်ကျပ်တည်းနေသည့် တံတားဖြစ်ပြီး နေ့စဉ် ကားအစီးရေ ၂၀၀၀၀ ကျော် ဖြတ်သန်းနေကြောင်း၊ ထို့ကြောင့် သစ္စာလမ်းတံတားကို ထပ်မံတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တံတားဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရ အဖွဲ့ဝန်ကြီးများ၊ ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့သည်။

Most Read

Most Recent