သိမ်းဆည်းခံယာမြေများ အမြန်ဆုံးပြန်လည်ရရှိရေး ပြင်ဦးလွင်ဒေသခံတောင်သူများ စုဝေးတောင်းဆိုဆန္ဒပြ

သိမ်းဆည်းခံယာမြေများ အမြန်ဆုံးပြန်လည်ရရှိရေး ပြင်ဦးလွင်ဒေသခံတောင်သူများ စုဝေးတောင်းဆိုဆန္ဒပြ
Published 29 December 2017

သိမ်းဆည်းခံယာမြေများ အမြန်ဆုံး ပြန်လည်ရရှိရေးအတွက် ပြင်ဦးလွင်ဒေသခံတောင်သူများ ညံတောကွင်းအတွင်း စုဝေးတောင်းဆိုဆန္ဒပြနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်)

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် သိမ်းဆည်းခံယာမြေများ အမြန်ဆုံး ပြန်လည်ရရှိရေးနှင့် မြေယာပြဿနာများအား အမြန်ဆုံးဖြေရှင်းပေးရန်အတွက် ဒေသခံတောင်သူများက ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ ညံတောကွင်းအတွင်း စုဝေးတောင်းဆို ဆန္ဒပြခဲ့ကြသည်။

ဆန္ဒထုတ်ဖော်မှုကို ပြင်ဦးလွင်မြို့ ညံတောကွင်းအတွင်းရှိ ညောင်ပင်အောက်တွင် ယာမြေသိမ်းဆည်းခံတောင်သူများက ဗီနိုင်းဆိုင်းဘုတ်များဖြင့် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပြီး ကနဦးအနေဖြင့် ရုက္ခစိုးအား တိုင်တည်၍ သိမ်းဆည်းယာမြေများ ပြန်လည်ရရှိရေးအတွက် ဆုတောင်းခြင်း၊ သမ္မတဦးထင် ကျော်ကျန်းမာပါစေ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကျန်းမာပါစေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကျန်းမာပါစေ၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သိမ်းဆည်းခံ ယာမြေများအရေးအား ဖြေရှင်းဆောင်ရွက်ပေးရာတွင် အားနည်းမှုရှိသည်ဟုဆိုကာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းအား အလိုမရှိကြောင်း အစရှိသဖြင့် ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကျွန်တော်တို့ ဒီကနေ့က လာရောက်စုဝေးနေရတာက ပြင်ဦးလွင်မြို့နယ်အတွင်းမှာ သိမ်းဆည်းမြေယာပြဿနာတွေက အများကြီးဖြစ်နေတာပါ။ ဒါကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြေရှင်းဆောင်ရွက်ပေးမှု အားနည်းတာ မြေယာပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးဖို့ အေးအေးချမ်းချမ်းနဲ့ စုဝေးတောင်းဆိုနေတာပါ။ သိမ်းဆည်းယာမြေတွေကလည်း ယနေ့အချိန်အထိ တောင်သူတွေလက်ထဲမှာ ပြန်မရောက်သေးပါဘူး။ ပြင်ဦးလွင်က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းကိုလည်း မြေယာအရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ရာမှာ ဘက်လိုက်မှုတွေ ရှိနေတဲ့အတွက် သူ့ကိုလည်း အလိုမရှိကြောင်း တောင်းဆိုတာ ဖြစ်ပါတယ်။ သိမ်းဆည်းခံယာမြေတွေ အမြန်ဆုံး ပြန်လည်ရရှိရေးအတွက် ပြင်ဦးလွင်ဒေသခံတောင်သူတွေက အခုလို စုဝေးတောင်းဆိုနေကြတာ ဖြစ်ပါတယ်” ဟု ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးကိုကိုနိုင်က ဆိုသည်။

“ကျွန်တော့်ကို ဆန္ဒပြတယ်ဆိုတာ အခုခင်ဗျားတို့ပြောမှ သိတာဗျ။ သူတို့က ဘာကို မကျေနပ်လို့ ပြကြတာလဲ။ ဘယ်အကြောင်းအရာကို မကျေနပ်တာလဲ။ တိတိကျကျလေးတော့ ပြောဖို့လိုတာပေါ့။ ကျွန်တော်တို့ ပြင်ဦးလွင်မြို့နယ်က မြေယာပြဿနာတွေ အများဆုံးဖြစ်ပွားနေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် သိမ်းဆည်းခံလယ်ယာမြေ ပြဿနာတွေကို ကျွန်တော့်အနေနဲ့ ကြိုးစားပြီး ဆောင်ရွက်ပေးနေပါတယ်။ တောင်သူတွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေလို့ လုပ်ငန်းရှင်အချို့က ကျွန်တော့်ကို တိုင်ကြားမှု ပြုလုပ်ခဲ့လို့ ဗဟိုအထိ သွားရောက်ဖြေရှင်းခဲ့ရပါသေးတယ်။ တောင်သူတွေအနေနဲ့ အချိန်မရွေး ကျွန်တော့်ကိုလာရောက်တွေ့ဆုံပြီး ဆွေးနွေးနိုင်ပါတယ်။ လက်ရှိအချိန်အထိ သိမ်းဆည်းမြေယာပြဿနာတွေ အရေးကိစ္စကို ဥပဒေနဲ့အညီဖြစ်စေဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောကြားသည်။

ပြင်ဦးလွင်မြို့နယ်မှာ မြေယာပြဿနာ အများဆုံးဖြစ်ပွားလျက်ရှိသည့် မြို့နယ်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ယခင်အစိုးရလက်ထက်များအတွင်းက တပ်၊ ဌာနဆိုင်ရာ၊ ကုမ္ပဏီများက ဒေသခံတောင်သူများထံမှ စီမံကိန်းအကြောင်းပြကာ သိမ်းဆည်းခဲ့ခြင်းများရှိခဲ့ပြီး အချို့မှာ စီမံကိန်း အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိသဖြင့် ဒေသခံတောင်သူများက လစ်လပ်လျက်ရှိသည့် ယာမြေများအတွင်း ဝင်ရောက်ထွန်ယက်ခဲ့ရာမှ ပြဿနာများဖြစ်ပွားခဲ့ကာ တောင်သူများနှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူများအား ပုဒ်မမျိုးစုံတို့ဖြင့် အမှုဖွင့်ခံရခြင်း ဖမ်းဆီးခံရခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent