ကျန်းမာကြံ့ခိုင်သော ဒီမိုကရေစီအတွက် သတင်းလွတ်လပ်မှုသည် မရှိမဖြစ် အရေးပါကြောင်း အမေရိကန်သံရုံး ထုတ်ပြန်

ကျန်းမာကြံ့ခိုင်သော ဒီမိုကရေစီအတွက် သတင်းလွတ်လပ်မှုသည် မရှိမဖြစ် အရေးပါကြောင်း အမေရိကန်သံရုံး ထုတ်ပြန်
Published 27 December 2017

ကျန်းမာကြံ့ခိုင်သော ဒီမိုကရေစီအတွက် သတင်းလွတ်လပ်မှုသည် မရှိမဖြစ် အရေးပါကြောင်း ဒီဇင်ဘာ ၂၆ ရက်တွင် အမေရိကန်သံရုံးက ၎င်းတို့၏ Facebook လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားဖော်ပြသည်။

ကျန်းမာကြံ့ခိုင်သော ဒီမိုကရေစီအတွက် သတင်းလွတ်လပ်မှုသည် မရှိမဖြစ် အရေးပါကြောင်း၊ သတင်းလွတ်လပ်မှု တစ်ရပ်အနေဖြင့် သတင်းများကို ပြည်သူအတွက် ရိုးရိုးသားသားနှင့် မျှမျှတတ ရေးသားတင်ပြရမည် ဖြစ်ကြောင်း၊ အခွင့်အရေး ချိုးဖောက်မှုများနှင့် အကျင့်ပျက်ခြစားမှုများကို ရေးသားတင်ပြခြင်းဖြင့် အစိုးရကို တာဝန်ယူစေရမည် ဖြစ်ကြောင်း၊ နိုင်ငံသားတို့၏ အသံများကို အစိုးရက သိစေခြင်းဖြင့် ဒီမိုကရေစီကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ခံများ၏ ပြုမှုဆောင်ရွက်မှုများအပေါ် မည်သို့ ရှုမြင်သုံးသပ်နေသည့်အကြောင်း ပြသရင်းဖြင့် အစိုးရက ပြည်သူတို့ကို တုံ့ပြန်ရာတွင် အထောက်အကူ ဖြစ်စေရမည်ဖြစ်ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

NLD အစိုးရလက်ထက်တွင် သတင်းသမားများအပေါ် တရားစွဲဆိုထားမှု ၁၉ မှု အထိရှိပြီး တရားစွဲခံရသူ ၃၃ ဦးရှိကြောင်း၊ ထိုသို့သတင်းသမားများ တရားစွဲခံရမှုတွင် ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုခံရမှုမှာ အများဆုံးဖြစ်ပြီး မတရားအသင်း ဥပဒေ လေကြောင်းပျံသန်းမှု ဥပဒေ၊ ပို့ကုန်/သွင်းကုန် ဥပဒေ၊ လူဝင်မှု ကြီးကြပ်ရေးဥပဒေ၊ နိုင်ငံတော် အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ၊ အသရေဖျက်မှု ပုဒ်မ ၅၀၀၊ မီဒီယာ ဥပဒေတို့ဖြင့်လည်း တရားစွဲဆိုခံရမှုများ ရှိကြောင်း We Support Journalists အဖွဲ့၏ ပြုစုထားသော စာရင်းများအရ သိရသည်။

“နိုင်ငံတစ်ခုရဲ့ ဖြစ်ပေါ်တိုးတက်မှုကို ကျွန်တော်တို့က ဆန်းစစ်တဲ့အခါမှာ အဲဒီနိုင်ငံမှာရှိတဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့် ဘယ်လောက်ထိ ရှိနေလဲဆိုတာ ကြည့်ရပါတယ်။ အစိုးရက စွဲတာတွေလည်း ရှိတယ်။ တခြားပြင်ပက စွဲတာတွေလည်း ရှိတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေက စွဲတာရှိတယ်။ တပ်မတော်က စွဲတာရှိတယ်။ အမျာကြီးပေါ့” ဟု ကိုဆောင်းခက ပြောကြားသည်။

လက်ရှိအစိုးရသက်တမ်း နှစ်နှစ်မပြည့်ခင်တွင် သတင်းသမား ၃၃ ဦးအထိ တရားစွဲဆိုခံထားရမှုမှာ စိုးရိမ်စရာ ကောင်းကြောင်း၊ သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ အစိုးရက အကာအကွယ် ပေးရမည်ဖြစ်ကြောင်း၊ သတင်းသမားအား တရားစွဲဆိုမှုကို ယခုအတိုင်း လွှတ်ထားပါက ဒီမိုကရေစီ ရေချိန်သည် ပိုပြီးကျဆင်း လာနိုင်ကြောင်း We Support Journalists မှ ကိုဆောင်းခက ပြောကြားသည်။

 

Most Read

Most Recent