တိုက်ခန်းဝယ်ယူသူများ ပိုင်ဆိုင်မှုဆိုင်ရာအာမခံချက် Certificate ရရှိပြီး ဘဏ်များနှင့်ချိတ်ဆက်ကာ တရားဝင်ငွေချေးနိုင်တော့မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား

တိုက်ခန်းဝယ်ယူသူများ ပိုင်ဆိုင်မှုဆိုင်ရာအာမခံချက် Certificate ရရှိပြီး ဘဏ်များနှင့်ချိတ်ဆက်ကာ တရားဝင်ငွေချေးနိုင်တော့မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 27 December 2017

ရန်ကုန်မြို့ တာမွေမြို့နယ်အတွင်းရှိ တည်ဆောက်ဆဲ လူနေအဆောက်အအုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)

တိုက်ခန်းဝယ်ယူသူများအနေဖြင့် မိမိပိုင်ဆိုင်ထားသောတိုက်ခန်းအပေါ် အာမခံချက် Certificate ရရှိပြီး ဘဏ်များနှင့် ချိတ်ဆက်ကာ တရားဝင် ချေးငွေ ထုတ်ချေးနိုင်တော့မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၆ ရက် က မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းတွင် တိုက်ခန်းအိမ်ရာ အဆောက်အအုံဆိုင်ရာဥပဒေ (အဆိုပြုဥပဒေမူကြမ်း) ဆွေးနွေးပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားသည်။

“ဒီလိုတိုက်ခန်း၊ အိမ်ရာ အဆောက်အအုံ ဥပဒေတွေထွက်လာတဲ့အခါမှာ သူ့အတွက် Certificate ပေါ့နော်။ အာမခံချက်တစ်ခု ရှိလာမယ်။ အာမခံချက်တစ်ခုရှိလာခဲ့ရင် ဒီအပေါ်မှာ ဘဏ်တွေကလည်း ယုံကြည်မှုတွေ ရှိလာခဲ့ပြီးတော့ ဒီအာမခံချက်တွေပေါ်မှာ သူတို့လိုအပ်နေတဲ့ငွေတွေကို ချေးယူတဲ့စနစ်တွေ၊ ဘာတွေဖြစ်ပေါ်လာမှာပေါ့” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့သစ်များတွင် တိုက်ခန်းများကို မြေပိုင်ရှင်နှင့် ကန်ထရိုက်တာတို့ကြား နားလည်မှုဖြင့် အကျိုးတူ တည်ဆောက်နေခြင်းဖြစ်သည်။ ထို့ကြောင့် တိုက်ခန်း ဝယ်ယူသူများအနေဖြင့် ပိုင်ဆိုင်မှု  အာမခံချက်မရှိခြင်း၊ ပိုင်ဆိုင်မှုအထောက်အထားပြကာ ဘဏ်များနှင့်ချိတ်ဆက်ပြီး ငွေချေးယူရာများတွင်လည်း အခက်အခဲများ ရှိနေကြောင်း သိရသည်။

“လက်ရှိမြို့သစ်တွေမှာ အဓိကတော့ တိုက်ခန်း အဆောက်အအုံဆိုင်ရာပိုင်းတွေမှာက များသောအားဖြင့်က မြေပိုင်ရှင်က တစ်ယောက်နေထိုင်သူက တစ်ယောက် မြေပိုင်ရှင်ရဲ့ အပေါ်မှာမူတည်ပြီးတော့ နေထိုင်သူကလည်း နေထိုင်နေရတဲ့အတွက် သူရဲ့ နေထိုင်မှုအပေါ်မှာ အလုံးစုံအာမခံမှုက နည်းပါးတယ်လို့ပြောရမှာပေါ့နော်။ ဒီဥပဒေထွက်လာရင်တော့ သူ့ရဲ့ နေထိုင်မှုက သူဘက်က ကောင်းကောင်းမွန်မွန် ရပ်တည်လာနိုင်မယ်” ဟု ဦးမင်းထိန်က ပြောကြားသည်။

တိုက်ခန်းဝယ်ယူသူများကို ပိုင်ဆိုင်မှုအာမခံချက် အပြည့်အဝပေးနိုင်မည့် တိုက်ခန်း၊ အိမ်ရာအဆောက်အအုံဆိုင်ရာ ဥပဒေ ထွက်ပေါ်လာရေးအတွက်  မြန်မာနိုင်ငံလိုင်စင်ရ ကန်ရိုက်တာများအသင်း  (MLCA) မှ ဦးဆောင်ကာ တိုက်ခန်း၊ အိမ်ရာအဆောက်အအုံဆိုင်ရာဥပဒေ (အဆိုပြုဥပဒေမှုကြမ်း)ကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်မူ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များနှင့် ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များ အနေဖြင့် ဖြည့်စွက်ဆွေးနွေးနေကြောင်း သိရသည်။

ဒေသအသီးသီးတွင် မြို့ပြဆိုင်ရာနှင့် ပတ်ဝန်းကျင်ဖွံ့ဖြိုးရေးစီမံကိန်းများကို အထောက်အကူပြုစေရန်၊ မြို့ပြဆိုင်ရာအဆောက်အအုံစနစ်တွင် မြေပိုင်ဆိုင်မှု၊ အိမ်ခန်းပိုင်ဆိုင်မှုများနှင့် စပ်လျဉ်း၍ အငြင်းပွားမှုများ လျော့နည်းပပျောက်စေရန်၊ ဤဥပဒေ နှင့် အညီ တိုက်ခန်းအိမ်ရာ ဆောက်လုပ်ခွင့်ရရှိသူများ၊ အိမ်ခန်းပိုင်ဆိုင်သူများနှင့် ဘဏ် နှင့် ငွေကြေးအဖွဲ့အစည်းများချိတ်ဆက် ဆောင်ရွက်နိုင်ရန်၊ တိုက်ခန်း အိမ်ရာတန်ဖိုးများ မျှတညီညွှတ်တည်ငြိမ်စေရေး ထိန်းသိမ်းရန်နှင့် ရသင့်ရထိုက်သော နိုင်ငံတော်၏ အခွန်ဘဏ္ဍာ အပြည့်အဝရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါဥပဒေမူကြမ်းကို ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဥပဒေထွက်ရှိပြီးပါက စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းသွားမည်ဖြစ်ပြီး အဆိုပါ ကော်မတီကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်း ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။

Most Read

Most Recent