၂၀၁၇ ခုနှစ် မတ်လအထိ Re-export သကြားတင်သွင်းပြီး ပြန်လည်တင်ပို့ရန်ကျန်သည့် ကုမ္ပဏီများကို စိစစ်အရေးယူမည်

၂၀၁၇ ခုနှစ် မတ်လအထိ Re-export သကြားတင်သွင်းပြီး ပြန်လည်တင်ပို့ရန်ကျန်သည့် ကုမ္ပဏီများကို စိစစ်အရေးယူမည်
Published 27 December 2017

၂၀၁၇ ခုနှစ် မတ်အထိ Re-export သကြားတင်သွင်းပြီး ပြန်လည် တင်ပို့ရန်ကျန်သည့် ကုမ္ပဏီများအား စိစစ်အရေးယူမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှု  တိုးတက် မြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးနှင့် နိုင်ငံတော် အခွန်အခ ရရှိစေရေးတို့အတွက် တစ်ဖက်နိုင်ငံ ဈေးကွက်ရှိသော သကြားကို Re-export စနစ်ဖြင့် တင်သွင်းတင်ပို့ခြင်းအား ၂၀၁၅ ခုနှစ် စက်တင်ဘာလမှ စတင်၍ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

စတင်ခွင့်ပြုပေးစဉ်က Re-export လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများအတွက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများအား ဥပဒေနှင့်အညီ သတ်မှတ်ဆောင်ရွက်စေခဲ့ကြောင်း၊ သို့ရာတွင် အချို့ကုမ္ပဏီများသည် အမှန်တင်သွင်းခဲ့သော်လည်း တင်သွင်းသည့် ပမာဏအတိုင်း ပြန်လည်တင်ပို့မှုမပြုခြင်း၊ ပြည်တွင်းတွင် ပြန်လည်ရောင်းချခြင်းများ  ပြုလုပ်နေကြောင်း စိစစ်တွေ့ရှိရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်  ကိုက်ညီမှုမရှိသော ကုမ္ပဏီများအား စိစစ်ဖော်ထုတ်ကာ လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၁၅ ခုနှစ်  စက်တင်ဘာလမှ ၂၀၁၇ ခုနှစ် မတ်လအထိ Re-export လိုင်စင်လျှောက်ထားပြီး အပြည့်အ၀ တင်ပို့မှုမပြုသည့် ကုမ္ပဏီများအနေဖြင့် အမှန်တင်ပို့ထားသည့် စာရင်းအချက်အလက်များနှင့်အတူ ကုန်သွယ်ရေးဦးစီးဌာနတွင် တစ်လအတွင်း လာရောက်တိုက်ဆိုင်စစ်ဆေးနိုင်ကြောင်း၊ သတ်မှတ်ချက်နှင့်အညီ တင်သွင်းတင်ပို့ထားခြင်း မရှိသည့် ကုမ္ပဏီများအား လုပ်ထုံးလုပ်နည်းပါ စည်းကမ်းသတ်မှတ်ချက်အတိုင်း ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ Re-export လိုင်စင်ဖြင့် သကြားတင်ပို့မှုသည် တန်ချိန် နှစ်သန်းခန့်အထိ တင်ပို့ထားနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent