ကရာကီ၏ရှုံးပွဲမရှိစံချိန်ကို အောင်လချိုးဖျက်ကာ ချန်ပီယံဘွဲ့ဆက်ထိန်းခဲ့ပြီး  ဖိုးသော်ရှုံးပွဲကြုံတွေ့

ကရာကီ၏ရှုံးပွဲမရှိစံချိန်ကို အောင်လချိုးဖျက်ကာ ချန်ပီယံဘွဲ့ဆက်ထိန်းခဲ့ပြီး  ဖိုးသော်ရှုံးပွဲကြုံတွေ့
Published 27 October 2018

ONE Championshipပြိုင်ပွဲ၏ ၀ိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်သည် စိန်ခေါ်သူလက်ဘနွန်နိုင်ငံသား ကရာကီကိုအလဲထိုးကာ မစ်ဒယ်ဝိတ်တန်းကမ္ဘ့ာချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင်ခဲ့ကြောင်း သိရသည်။

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ယင်းပွဲစဉ်တွင် အောင်လအန်ဆန်သည် ကရာကီကို ပထမအချီ ၂မိနစ် ၂၁ စက္ကန့်တွင် အလဲထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ကရာကီသည် ပွဲအစတွင်အောင်လအန်ဆန်၏ အောက်ပိုင်းကို ချုပ်ကာ အလဲထိုးနိုင်ရန်ကြိုးစားခဲ့ပြီး အောင်လက ပါးပါးနပ်နပ်ရှောင်တိမ်းကာ ဘယ်ညာ လက်သီးတွဲလုံးများဖြင့် ကရာကီကို ဖိအားပြန်ပေးနိုင်ခဲ့သည်။

အောင်လ၏အားပါသည့် ညာလက်သီးကို ကရာကီ ရင်ဆိုင်နိုင်ခြင်းမရှိခဲ့ဘဲ Cageထောင့်တွင် လဲကျခဲ့သည်။ ယင်းအချိန်တွင် အောင်လက တိုက်စစ်ကိုမြှင့်ခဲ့ပြီး ဘယ်၊ညာလက်သီး တွဲလုံးကိုအသုံးပြုကာ ကရာကီကို အလဲထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ ကရာကီသည် အောင်လနှင့်ယှဉ်ပြိုင်မထိုးသတ်မီ ယှဉ်ပြိုင်ခဲ့သည့် (၉)ပွဲစလုံး ရှုံးပွဲမရှိ စံချိန်ကို တင်ထားနိုင်ခဲ့သော်လည်း ယခုပွဲစဉ်တွင် ပထမအချီမှာပင်ရှုံးနိမ့်ပြီး စံချိန်ကျိုးပျက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် Pursuit of Greatness ပြိုင်ပွဲ၏ အခြားပွဲစဉ်တွင် ရှုံးပွဲမရှိမြန်မာပြည်ဖယ်သာဝိတ်MMAချန်ပီယံ ဖိုးသော်သည် မလေးရှားဖိုက်တာကီရာနူဆူးဘားကို ရှုံးနိမ့်ကာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့သည်။ ဖိုးသော်နှင့် ယှဉ်ပြိုင်ခဲ့သော ကီရာနူဆူးဘားသည် Ground Fight အားသန်သူတစ်ဦးဖြစ်ပြီး ဖိုးသော်ကိုလည်း ယင်းတိုက်ကွက်ဖြင့်ပင် ပထမအချီ ၂မိနစ်နဲ့ ၄၇ စက္ကန့်၌ အနိုင်ယူသွားခဲ့ခြင်းဖြစ်သည်။

အခြားပြည်တွင်းတွဲဆို်င်းများတွင် ရဲသွေးနီက မိုက်ရိုင်းကို ဆိုင်ထိုးပြိုင်ထိုးကာ သူ၏မာဂုဏ်ကို ပြသနိုင်ခဲ့ပြီး ပွဲအပြီးတွင် အမှတ်ဖြင့်အနိုင်ရခဲ့သည်။

■တွဲဆိုင်းရလဒ်များ

အောင်လအန်ဆန်(မြန်မာ)(နိုင်) - မိုဟာမက်ကရာကီ(လက်ဘနွန်)

ဖိုးသော်(မြန်မာ) - ကနူးဆူးဘား(မလေးရှား)(နိုင်)

အီဘရာဟမ်(မော်ရိုကို ) - တာရစ်ခါဘာဘက်(မော်ရိုကို) (နိုင်)

လူစ်ဆန်းတို့စ်(ဘရာဇီးလ်)(နိုင်) - ဒါရာချီ(ဂျပန်)

ရာမာန်(စင်ကာပူ) - မာဆာကာဇူ(ဂျပန်) (နိုင်)

ဟန်ဇီဟို(တရုတ်)(နိုင်) - ရမ်ဂျာခါရီ(ဖိလစ်ပိုင်)

ရဲသွေးနီ(နိုင်)- မိုက်ရိုင်း

ဂျိုးဆပ် (အီတလီ) - ဂျို့စ်တိုနာ(သြစတေးလျ) (နိုင်)

မာကျုဒေါင်(တရုတ်) - (နိုင်) အဟမ်ကွာခါဂျာဆေ်ာ(အာဖဂန်နစ္စတန်)

ရူဒီသြဂတ်စတင်(အင်ဒိုနီးရှား)(နိုင်) -ခါဂျီအီဘင်(ဖိလစ်ပိုင်)

 

Most Read

Most Recent