ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ်အတွင်း မီးလောင်မှု ဖြစ်စဉ်များကြောင့် မီးဘေးဒုက္ခသည် ၅၀၀ ကျော်ရှိခဲ့ပြီး သုံးဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ်အတွင်း မီးလောင်မှု ဖြစ်စဉ်များကြောင့် မီးဘေးဒုက္ခသည် ၅၀၀ ကျော်ရှိခဲ့ပြီး သုံးဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရ
Published 26 December 2017

ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ်အတွင်း မီးလောင်မှု ဖြစ်စဉ်များကြောင့် မီးဘေးဒုက္ခသည် ၅၀၀ ကျော် ရှိခဲ့ပြီး သုံးဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ဧရာဝတီဒေသကြီး မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရ ယခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး၌ မီးလောင်မှုအကြိမ်ရေ ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ခြေနှင့် အဆောက်အဦး ၁၃၅ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ ၂၀၁၆ ခုနှစ်မှာ မီးလောင်မှုအကြိမ်ရေ ၁၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု ၄၈၈ ဒသမ ၇၆၃ သန်း ဆုံးရှုံးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ မီးလောင်မှုအကြိမ်ရေ ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးအနေနဲ့ ၈၁ ဒသမ ၀၅၂ သန်း ဆုံးရှုံးခဲ့ပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၇ နှိုင်းယှဉ်တဲ့အခါမှာ မီးလောင်မှုအကြိမ်ရေ ၂၀ လျော့နည်း ကျဆင်းခဲ့ပြီးတော့ ဆုံးရှုံးမှုအနေနဲ့လည်း ၄၀၇ ဒသမ ၇၁၁ သန်း လျော့နည်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုးလှိုင်က ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က လပွတ္တာမီးဘေး၌ အိမ်ခြေ ၁၉၉ လုံး မီးလောင်မှုကြောင့် ဆုံးရှုံးမှု များပြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“၂၀၁၆ တုန်းကလည်း မီးဖိုမီးက ၄၃ ကြိမ်ထိ ဖြစ်ပွားခဲ့တယ်။ ၂၀၁၇ ခုနှစ်မှာလည်း မီးဖိုမီးက ၄၂ ကြိမ် ဖြစ်ပွားခဲ့တယ်။ မီးလောင်မှု အကြောင်းရင်းမှာ မီးဖိုမီးက အများဆုံးဖြစ်ပွားခဲ့တဲ့အတွက် ပြည်သူတွေအနေနဲ့ မီးဖိုမီးကို သုံးစွဲတဲ့အခါမှာ စနစ်တကျ သတိထားပြီး သုံးစွဲကြဖို့ ပြောချင်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုးလှိုင်က ဆက်လက်ပြောကြားသည်။

ယခင်နှစ်ကထက် မီးလောင်မှုအကြိမ် ရေလျော့နည်းခဲ့ခြင်းမှာ မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးသတိမူရေး ဆော်သြခြင်း၊ မီးဘေးလုံခြုံရေး အသိပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် စစ်ဆေးမှုအမျိုးမျိုး ဆောင်ရွက်ခဲ့ခြင်းတို့ အားကောင်းခဲ့မှုကြောင့်ဖြစ်ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး ကျဆင်းခဲ့မှုမှာလည်း မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် မြင့်မားခြင်းနှင့် မီးငြှိမ်းသတ်ရေး လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးက သုံးသပ်ပြောကြားသည်။

Most Read

Most Recent