H1N1 ရောဂါနှင့် ဆက်စပ်၍ ကောလာဟလများကြောင့် ကြက်ဥ၊ ကြက်သား စားသုံးမှု လျော့ကျကာ ဆယ်စုနှစ်အတွင်း စံချိန်တင်ဈေးနှုန်းကျဆင်းမှုကို ထိန်းချုပ်ရန် အစည်းအဝေး ပြုလုပ်

H1N1 ရောဂါနှင့် ဆက်စပ်၍ ကောလာဟလများကြောင့် ကြက်ဥ၊ ကြက်သား စားသုံးမှု လျော့ကျကာ ဆယ်စုနှစ်အတွင်း စံချိန်တင်ဈေးနှုန်းကျဆင်းမှုကို ထိန်းချုပ်ရန် အစည်းအဝေး ပြုလုပ်
Published 4 August 2017

ပြည်သူများအကြား ရာသီတုပ်ကွေး H1N1 ရောဂါနှင့်ဆက်စပ်၍ ကောလာဟလများကြောင့် ကြက်ဥ၊ ကြက်သားစားသုံးမှု လျော့ကျလျက်ရှိပြီး ဆယ်စုနှစ်အတွင်း စံချိန်တင်ဈေးနှုန်းကျဆင်းကာ ဈေးကွက်ပျက်နေမှုအား ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ် (မန္တလေး)မှ အရေးပေါ် အစည်းအဝေးကို သြဂုတ် ၂ ရက် မွန်းလွဲပိုင်းက မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေး) ရုံးတွင် ပြုလုပ်ခဲ့သည်။

လက်ရှိတွင် H1N1 ရောဂါ ဖြစ်ပွားကာ လူသေဆုံးမှုများရှိနေပြီး ယင်းရောဂါပိုးနှင့် ဆက်စပ်၍ နားလည်မှုလွဲကာ ကြက်ဥ၊ ကြက်သားစားသုံးမှုမှာ ရာခိုင်နှုန်း ၅၀ ကျော် လျော့နည်းသွားပြီး ကြက်ဥ၊ ကြက်သား ဈေးကွက်မှာလည်း ၁၀ စုနှစ်အတွင်း စံချိန်တင်ကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။

“လူတွေကြားထဲမှာ စိုးရိမ်မှုမြင့်တက်ပြီး ကောလာဟလတွေကြောင့် ကြက်ဥ၊ ကြက်သားစားသုံးမှုဟာ လုံးဝကို ကျဆင်းသွားတယ်။ အဲဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ပြုလုပ်တဲ့အစည်းအဝေးပါ။ အဲဒီမှာဘာလို့ကျဆင်းသလဲဆိုတာကို အရင်ဆွေးနွေးကြတာပေါ့။ အခုလက်ရှိ ဈေးကွက်ကျတဲ့နှုန်းက ဆယ်စုနှစ်ကျော်တစ်ခုအတွင်းမှာ အဆိုးဆုံးကျဆင်းမှုပါ။ ကြက်သားစားသုံးမှုဆိုရင် ရာခိုင်နှုန်း ၅၀ ရဲ့ အောက်မှာပဲရှိတော့တယ်။ ဘာလို့ဖြစ်သလဲဆိုတော့ အခုဖြစ်နေတဲ့ H1N1 ရာသီတုပ်ကွေးနဲ့ ဆက်စပ်နေတယ်။ လူတွေက H1N1 ကို ကြက်ဥ၊ ကြက်သားစားသုံးမှုကြောင့် ဖြစ်နိုင်တယ်ဆိုပြီးတော့ မစားရဲတော့ဘဲ ရပ်သွားတယ်။ အဲဒါကြောင့် ကျွန်တော်တို့က အသိတစ်ခုကောင်းကောင်း ပေးချင်တာက H1N1 က ကြက်ဥ၊ ကြက်သား စားသုံးခြင်းနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘူး။ ကြက်ဥ၊ ကြက်သားစားသုံးခြင်းကြောင့် H1N1 လုံးဝမဖြစ်နိုင်ပါဘူး” ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် (မန္တလေး) မှ အထွေထွေ အတွင်းရေးမှူးဒေါက်တာနေသူရိန်က ဆိုသည်။

ဈေးကွက်အတွင်း၌ ကြက်ဥ၊ ကြက်သား ဈေးနှုန်းများမှာ စံချိန်တင် ကျဆင်းလျက်ရှိပြီး လက်ရှိတွင် ကြက်ဥတစ်ပိဿာလျှင် ကျပ် ၁၅၀၀ ဝန်းကျင် (ကြက်ဥတစ်လုံးလျှင် ကျပ် ၅၀၊ ကျပ် ၆၀) ခန့်အထိ ကျဆင်းသွားကာ ကြက်သားတစ်ပိဿာ ဈေးနှုန်းမှာလည်း ကျပ် ၂၂၀၀ အထိ ကျဆင်းလျက်ရှိသည်။

Most Read

Most Recent