တောင်ဒဂုံမြို့နယ်အတွင်း ခိုးမှုများ လှည့်လည်ကျူးလွန်နေသည့် လင်မယားနှစ်ဦးကို ဖမ်းဆီးရမိ

တောင်ဒဂုံမြို့နယ်အတွင်း ခိုးမှုများ လှည့်လည်ကျူးလွန်နေသည့် လင်မယားနှစ်ဦးကို ဖမ်းဆီးရမိ
Published 31 July 2017

တောင်ဒဂုံမြို့နယ်အတွင်း လှည့်လည်ပြီး ခိုးမှုများကျူးလွန်နေသည့် လင်မယားနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းသို့ဖမ်းဆီးရမိခဲ့သူနှစ်ဦးမှာ ပြုံးချို (၃၁ နှစ်) နှင့်ဇနီးဖြစ်သူ စန်းစန်းဦး (၂၉ နှစ်) တို့ဖြစ်ပြီး ပြုံးချိုအား ဇူလိုင် ၂၆ ရက်မွန်းလွဲ ၂ နာရီခန့်တွင် တောင်ဒဂုံမြို့နယ် (၅၃) ရပ်ကွက် အောင်စကြာလမ်းထိပ်တွင် ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့သည်။

စစ်ဆေးရာ ၎င်းသည် ဖေဖော်ဝါရီလအတွင်းက တောင်ဒဂုံမြို့နယ် (၅၇) ရပ်ကွက် ငွေစင်လမ်းရှိ နေအိမ်တစ်အိမ်အတွင်းသို့ ဝင်ရောက်ပြီး နေအိမ်အပေါ်ထပ်ရှိ ဘီဒိုအတွင်းမှ ရွှေဆွဲကြိုးနှစ်ကုံး၊ ရွှေဆွဲသီးတစ်ခု၊ ရွှေလက်ကောက်နှစ်ကွင်းနှင့် ရွှေလက်စွပ်နှစ်ကွင်းတို့အား လည်းကောင်း၊ ဧပြီလအတွင်းက တောင်ဒဂုံမြို့နယ် (၅၄) ရပ်ကွက် ဓနသုခလမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ ရွှေဆွဲကြိုးတစ်ကုံးနှင့် ရွှေဆွဲသီးတစ်ခုတို့အားလည်းကောင်း၊ ဧပြီလအတွင်း၌ပင် တောင်ဒဂုံမြို့နယ် (၅၆) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်၍ Vivo အမျိုးအစား ဖုန်းတစ်လုံးကိုလည်းကောင်း၊ ဇွန်လအတွင်းက တောင်ဒဂုံမြို့နယ် (၇၁) ရပ်ကွက် တပင်ရွှေထီးလမ်းရှိ နေအိမ်တစ်အိမ်အတွင်းဝင်ရောက်၍ ရွှေဆွဲကြိုးသုံးကုံး၊ ရွှေလက်ကောက်ခုနစ်ကွင်း၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ကျပ် ၁၆ သိန်းအားလည်းကောင်း ခိုးယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent