အများပြည်သူဆိုင်ရာ အကျိုးစီးပွားများ

အများပြည်သူဆိုင်ရာ အကျိုးစီးပွားများ
Published 16 October 2018

ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အရည်အသွေးမြင့် ပြည်သူ့ကဏ္ဍ တစ်နည်းအားဖြင့် အများပြည်သူဆိုင်ရာ အကျိုးစီးပွား ရလဒ်ကောင်းများရရှိအောင် မည်ကဲ့သို့ လုပ်ဆောင် မည်နည်းဟူသည်မှာ မူဝါဒချမှတ်သူများနှင့် ပညာရှင်များ ရင်ဆိုင်ရလေ့ရှိသည့် မေးခွန်းတစ်ခုဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများသည် ယင်းကဲ့သို့သော စိန်ခေါ်မှုများကို တုံ့ပြန်ရင်ဆိုင်ရန်၊ အပြန်အလှန်အကူအညီပေးရန် ဖွံ့ဖြိုးရေးအစီအမံများ ချမှတ်လုပ်ဆောင်ရလေ့ရှိသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ပို၍ထိရောက်သော အများပြည်သူဆိုင်ရာ အခန်းကဏ္ဍအတွက် လိုအပ်ချက်များရှိသည်။ ထို့အတွက် ခိုင်မာသော အင်စတီကျူးရှင်းများ ဖန်တီးရန်  ရင်းနှီးမြှုပ်နှံလုပ်ဆောင်မှုများ နည်းပါးလေ့ရှိကြသည်။ အများပြည်သူကဏ္ဍဆိုင်ရာ အင်စတီကျူးရှင်းများ၏ အခြေခံကျသော စွမ်းဆောင်ရည်တိုးတက်မှုအစား အခြားသော အထောက်အပံ့များ ရရှိရေးကိုသာ ဟန်ပြလုပ်ဆောင်နေလေ့ရှိကြောင်း ဝေဖန်မှုများလည်း ရှိသည်။ ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့များသည် ဖွံ့ဖြိုးဆဲနိုင်ငံများအား အရည်အသွေးမြင့်သော အများပြည်သူဆိုင်ရာ အင်စတီကျူးရှင်းများ ခိုင်မာရှင်သန်စေရေးအတွက် အလေးအနက်ထားသင့်သလို စွမ်းဆောင်ရည်များအပေါ် အာရုံစိုက် လေ့လာသုံးသပ်သင့်ပါသည်။ ထို့ပြင် သက်ဆိုင်ရာလုပ်ငန်းစဉ်များအလိုက် အများပြည်သူဆိုင်ရာ အကျိုးစီးပွားများအပေါ်မှ အဂတိလိုက်စားမှုများ မဖြစ်စေရန် စနစ်တကျ စောင့်ကြည့်လေ့လာသင့်ပါသည်။

အများပြည်သူနှင့်ဆိုင်သော ကိစ္စရပ်များတွင် အာဏာအလွဲသုံးခြင်းမှာ ရှင်းလင်းစွာ သိမြင်နိုင်သော ကိစ္စများအဖြစ်လည်းကောင်း၊ လာဘ်ပေးလာဘ်ယူကိစ္စအား အဂတိလိုက်စားမှုအဖြစ်လည်းကောင်း သတ်မှတ်ရန် လွယ်ကူသော်လည်း အခြားသော လုပ်ဆောင်ချက်များမှာ ယင်းကဲ့သို့ ရိုးရှင်းမှုမရှိသည်ကို သတိပြုသင့်ပါသည်။ Nepotisn နှင့် Favouritisn ကဲ့သို့ ဆွေမျိုးကောင်းစားရေးဝါဒ၊ မျက်နှာသာပေးသည့် ၀ါဒမျိုးကဲ့သို့ ဆုံးဖြတ်ချက် ချပိုင်ခွင့်အခွင့်အာဏာရှိသူ၏ မျက်နှာသာပေးလိုက်ခြင်းမျိုးက တစ်စုံတစ်ရာ  ပြန်လည်ရရှိရန် မျှော်လင့်ထားသည်ဟု ဆိုနိုင်သောကြောင့် အဂတိလိုက်စားမှုအဖြစ် သတိပြုကြရမည် ဖြစ်သည်။

အများပြည်သူနှင့်ဆိုင်သော အရင်းအမြစ်များ၊ အများပြည်သူနှင့်ဆိုင်သော အခွင့်အာဏာများအား ကိုယ်ကျိုးအတွက် အလွဲသုံးစားသုံးခြင်းမျိုးကို အဂတိလိုက်စားမှုဟု သတ်မှတ်ကြသည်။ ထိုကဲ့သို့သော အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ အများပြည်သူဆိုင်ရာ ပြည်သူ့ကဏ္ဍ သို့မဟုတ် ပုဂ္ဂလိကကဏ္ဍဟု ကန့်သတ်သတ်မှတ်သုံးနှုန်းထားခြင်း မရှိဘဲ  အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သော အရင်းအမြစ်များ၊ အများပြည်သူ၏ အခွင့်အာဏာများအဖြစ်သာ သတ်မှတ်ကြပြီး ယင်းကဲ့သို့ ကိစ္စရပ်များအပေါ် ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုပါက အဂတိလိုက်စားမှုကျူးလွန်ခြင်းအဖြစ် သတ်မှတ်လေ့ရှိသည်။ ထို့ကြောင့် အများပြည်သူဆိုင်ရာအကျိုးစီးပွား ထိခိုက်အောင်ပြုလုပ်ခြင်းကြောင့် အရည်အသွေးမြင့်သည့် အများပြည်သူဆိုင်ရာ ကဏ္ဍများကို အနှောင့်အယှက်ပေးနိုင်သော အဂတိကိစ္စရပ်များကို သတိပြုစောင့်ကြည့်ကြရလိမ့်ရှိသည်။ ယင်းကဲ့သို့ ကိုယ်ကျိုးရှာ အဂတိမှုများ ကျူးလွန်ခြင်းအတွက် အဆိုးရွားဆုံးထိခိုက်ခံစားရသူများမှာလည်း အများပြည်သူများသာလျှင် ဖြစ်ပါသည်။ ထို့ကြောင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ခြင်းသည်  ဆင်းရဲသော ပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးခြင်း တစ်နည်းအားဖြင့် အများပြည်သူဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်မြှင့်တင်ပေးခြင်းပင် ဖြစ်ပါသည်။

ထို့ကြောင့် အများပြည်သူဆိုင်ရာ အကျိုးစီးပွားအတွက် သက်ဆိုင်ရာအလိုက် အလေးထား ဆောင်ရွက်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Most Read

Most Recent