တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို စိုးရိမ်နေကြတဲ့ ဒေသခံတွေရဲ့သောက ဘယ်သူဖြေရှင်းပေးမှာလဲ

တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို စိုးရိမ်နေကြတဲ့ ဒေသခံတွေရဲ့သောက ဘယ်သူဖြေရှင်းပေးမှာလဲ
Published 14 October 2018
ဌေးလှအောင်

မန္တလေးမြို့ အနီးဝန်းကျင်မှာ အကောင်အထည်ဖော် လုပ်ဆောင်နေကြတဲ့ စီမံကိန်းတွေ အများအပြား ရှိပါတယ်။ တချို့စီမံကိန်းတွေက အရင်အစိုးရ လက်ထက်မှာ ချထားပေးခဲ့ပြီး ဆက်လက်လုပ်ဆောင် နေကြတာတွေ ရှိသလို အရင်အစိုးရ ချထားပေးခဲ့တဲ့ စီမံကိန်းတွေကို လက်ရှိအစိုးရသစ် လက်ထက်မှာ ပြန်လည်စိစစ်မှုတွေ လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အစိုးရ လက်ထက်မှာ ခွင့်ပြုချက်ချထား ပေးခဲ့တဲ့ စီမံကိန်း အတော်များများကို လက်ရှိအစိုးရက ဖွဲ့စည်းပေးထားတဲ့ ပြန်လည်စိစစ်ရေးအဖွဲ့နဲ့ ပြန်လည်စိစစ်လိုက်တဲ့အခါ လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်၊ သတ်မှတ်စံနှုန်းများ၊ ဥပဒေပါ ညွှန်ကြားချက်များနဲ့ သဘောတူစာချုပ်ပါ အချက်အလက်များ အစရှိတဲ့ သတ်မှတ်ချက်တွေကို ကျော်လွန်လုပ်ဆောင် နေတာကြောင့် ပြန်လည်ပြင်ဆင်နေရတာ၊ ရပ်ဆိုင်းထားရတာတွေ အများအပြား ရှိပါတယ်။

မန္တလေးမြို့ အပါအဝင် တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ စီမံကိန်းတွေကို လေ့လာကြည့်မယ်ဆိုရင် အရင်ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်က ချထားပေးခဲ့တဲ့ စီမံကိန်းတွေ အများအပြား ရှိခဲ့ပါတယ်။ စီမံကိန်းတွေကို ချထားပေးခဲ့စဉ်က ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ချထားပေးခဲ့တာတွေ ရှိခဲ့သလို လက်သိပ်ထိုးပုံစံနဲ့ ချထားပေးခဲ့တဲ့ စီမံကိန်းတွေ (ဥပမာ အစိုးရသစ် မတက်ခင် လပိုင်းအလို) အများအပြား ရှိခဲ့တယ်လို့ စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ ငွေကြေးရင်းနှီးမြှုပ်နှံမှု ပမာဏများစွာနဲ့ အကောင်အထည်ဖော်နေတဲ့  စီမံကိန်းတွေ၊ ဝေဖန်ကန့်ကွက်မှုတွေ ကြားထဲက လုပ်ဆောင်နေကြတဲ့ စီမံကိန်းတွေ၊ ဒေသအနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာ ကောင်းမွန်လာနိုင်တဲ့ စီမံကိန်းတွေ  အစရှိတဲ့ တိုင်းဒေသကြီး အတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စီမံကိန်းတွေဟာ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းဒေသကြီး အကျိုးစီးပွား၊ နိုင်ငံတော် အကျိုးစီးပွားကို ဘယ်လောက်အထိ ဖြစ်ထွန်းစေလာနိုင်မလဲဆိုတာ ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ယခင်အစိုးရခွင့်ပြုခဲ့တဲ့ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း

မန္တလေးတိုင်းဒေသကြီး အတွင်းမှာ အကောင်အထည်ဖော် တည်ဆောက်နေကြတဲ့ စီမံကိန်းများစွာထဲက ရင်းနှီးမြှုပ်နှံမှု ပမာဏများစွာနဲ့ တည်ဆောက်လျက်ရှိတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ စီမံကိန်း တည်နေရာဟာ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ဆိုတဲ့ မြို့နယ်နှစ်ခု အတွင်းမှာ တည်ရှိနေတာ ဖြစ်ပါတယ်။ ထုံးကျောက် ကုန်ကြမ်း ထုတ်လုပ်မယ့်နေရာဟာ မတ္တရာမြို့နယ် အတွင်းမှာ ပါဝင်နေပြီး စက်ရုံတည်ဆောက်နေတဲ့ မြေဧရိယာက ပုသိမ်ကြီးမြို့နယ် အတွင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ စီမံကိန်း ဧရိယာ အကျယ်အဝန်းက ၆၁၇ ဧက ရှိပြီး ၂၀၁၅ ခုနှစ် ဇွန်လမှာ သတ္တုတွင်း ဝန်ကြီးဌာနက ဓာတ်သတ္တု အကြီးစား ထုတ်လုပ်ခွင့်ကို ၂၀၄၀ ပြည့်နှစ် ဇွန်လအထိ ၂၅ နှစ် လုပ်ကိုင်ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်းမှာ အသုံးပြုမယ့်စွမ်းအင်က ကျောက်မီးသွေးလောင်စာကို အသုံးပြုသွားမှာဖြစ်ပြီး တစ်နေ့ကို ဘိလပ်မြေ တန်ချိန် ၅၀၀၀ ကျ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီ (Alpha) က အကောင်အထည်ဖော် တည်ဆောက်နေတာ ဖြစ်ပါတယ်။ အစိုးရနဲ့ စီမံကိန်းအကြား ကနဦး ခွင့်ပြုချက် ချထားပေးခဲ့ချိန်က သဘောတူညီချက်အချို့ကို ကြည့်ရမယ်ဆိုရင် ပုံသေမြေငှားရမ်းခ (Dead Rent) အနေနဲ့ တစ်နှစ်လျှင် တစ်စတုရန်း ကီလိုမီတာအတွက် ငွေကျပ် သိန်း ၂၀ ပေးဆောင်ရမှာ ဖြစ်ပြီး သတ္တုခွန်သုံးရာခိုင်နှုန်းတို့ကို ကုမ္ပဏီဘက်က နိုင်ငံတော်ကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စီမံကိန်းအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးအတွက် တာဝန်ခံရမှာဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်လာလို့ တိုင်ကြားလာခဲ့ပြီဆိုပါက ကုမ္ပဏီက ဖြေရှင်းဆောင်ရွက် ပေးရမှာဖြစ်တဲ့အပြင် ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု မရှိခဲ့ရင် လုပ်ငန်းရပ်ဆိုင်းတာ၊ ပေးသွင်းထားတဲ့ အခွန်အခတွေကို ပြန်လည်သိမ်းယူပြီး လုပ်ကွက်ပြန်လည် သိမ်းယူခံရနိုင်ကြောင်း သဘောတူညီချက် ချုပ်ဆိုထားပါတယ်။ ဒါ့အပြင် စီမံကိန်းဟာ သတ်မှတ်ကာလဖြစ်တဲ့ ခွင့်ပြုချက် ထုတ်ပေးပြီး ခြောက်လအတွင်း လုပ်ငန်းစတင် လုပ်ဆောင်ရမှာဖြစ်ပြီး လုပ်ငန်းစတင် ဆောင်ရွက်တာ မရှိဘူးဆိုရင် အာမခံပေးသွင်းငွေကို နိုင်ငံတော်က သိမ်းယူမှာဖြစ်ပြီး ခွင့်ပြုမိန့်ဟာ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်တဲ့အကြောင်း စီမံကိန်းနဲ့ သက်ဆိုင်တဲ့ ခွင့်ပြုမိန့်မှာ ဖော်ပြထားပါတယ်။

ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ခွင့်ပြုမိန့်ကို အရင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဇွန်လမှာ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ စီမံကိန်းနဲ့ ပတ်သက်ပြီး အရင်အစိုးရ လက်ထက်က ခွင့်ပြုပေးထားတဲ့ ခွင့်ပြုမိန့်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ အချက်အချို့ တွေ့ရပါတယ်။ ခွင့်ပြုမိန့် ထုတ်ပေးထားတဲ့ စည်းကမ်းချက် (၄) မှာ ဖော်ပြထားတာက “ဤခွင့်ပြုမိန့်အား ထုတ်ပေးသည့်နေ့မှစ၍ ခြောက်လအတွင်း လုပ်ငန်းများ စတင်ဆောင်ရွက်ခြင်း မပြုပါက အာမခံငွေအား နိုင်ငံတော်က သိမ်းယူမည် ဖြစ်သည့်အပြင် ဤခွင့်ပြုမိန့်သည် အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်” လို့ ဖော်ပြထားပြီး စည်းကမ်းချက် (၆) မှာ “ဤ ခွင့်ပြုမိန့်၌ သတ်မှတ်စည်းကမ်း ဘောင်အတွင်း မြေပိုင်ဆိုင်မှုနှင့် သက်ဆိုင်သော၊ လုပ်ငန်းလုပ်ကိုင်ခွင့်နှင့် သက်ဆိုင်သော အငြင်းပွားမှုများ၊ စောဒကတက်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှုနှင့် ပတ်သက်သော တိုင်ကြားချက်များ၊ အငြင်းပွားမှုများ ဖြစ်ပွားပါက ကုမ္ပဏီမှသာ တာဝန်ခံ ဖြေရှင်းရန်၊ မဖြေရှင်းနိုင်ပါက လုပ်ကိုင်ခွင့် ရပ်ဆိုင်းခြင်း၊ ပေးသွင်းထားသည့် အခွန်အခနှင့် အခြားပေးသွင်းမှုများ သိမ်းယူခြင်း၊ လုပ်ကွက်ပြန်လည် သိမ်းယူခြင်း ခံရမည်ကို သဘောတူ ဝန်ခံကတိပြုရမည်” လို့ ဖော်ပြထားပါတယ်။

ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က ခွင့်ပြုမိန့်ချထားပေးခဲ့တဲ့ စီမံကိန်းဟာ ယခု ၂၀၁၈ ခုနှစ်မှာဆိုရင် သုံးနှစ်ကျော် ကာလကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စီမံကိန်းဟာ တည်ဆောက်ရေးလုပ်ငန်း အချို့သာ စတင်ဆောင်ရွက်နေတာ တွေ့ရပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဆောင်ရွက်တာ မရှိသေးပါဘူး။ ဒီလိုလုပ်ငန်း ကြန့်ကြာနေမှုတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်ကတော့ စီမံကိန်းအပေါ် ဒေသခံအချို့က ကန့်ကွက်မှုတွေ လုပ်ဆောင်နေတာ ကြောင့် ဖြစ်တယ်လို့ပြောဆိုထား ပါတယ်။ ဒေသခံတွေဘက်က စီမံ ကိန်းဟာ ခွင့်ပြုထားတဲ့မြေနေရာ ထက်ကျော်လွန်လုပ်ဆောင်နေပြီး ခွင့်ပြုမိန့်မှာပါဝင်ခြင်းမရှိတဲ့ အခြား အဖိုးတန်ဓာတ်သတ္တုတွေ တူးဖော်နေတာ၊ ကျောက်မီးသွေးစွမ်းအင် ကြောင့် သဘာဝပတ်ဝန်းကျင် ထိ ခိုက်လာနိုင်တာ၊ စက်ရုံတည် ဆောက်မယ့် မြေနေရာဟာ ကျေးရွာ နဲ့ခြံစည်းရိုးအုတ်တံတိုင်းသာ ကွာ ခြားနေတာ စတဲ့ အချက်တွေ ကြောင့်ဆိုပြီး ကန့်ကွက်မှုတွေလုပ် ဆောင်ထားပြီး ပုသိမ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကနေတစ်ဆင့် သက်ဆိုင်ရာဝန်ကြီး ဌာနတွေကို တိုင်ကြားမှုတွေပြုလုပ် ထားတယ်လို့ သိရပါတယ်။ လက်ရှိ အချိန်မှာ ဒေသခံတွေဘက်က ကျောက်မီးသွေးစွမ်းအင်ကို အသုံး ပြုထုတ်လုပ်မယ့် ဘိလပ်မြေစက် ရုံစီမံကိန်းကို ကန့်ကွက်မှုတွေ ဆက် တိုက်လုပ်ဆောင်နေပြီး ကုမ္ပဏီ ဘက်ကတော့ ခွင့်ပြုမိန့်ရရှိထားတဲ့ အတိုင်း လုပ်ငန်းတွေ ဆောင်ရွက် နေတာတွေ့ရပါတယ်။ စီမံကိန်းကို ကန့်ကွက်နေတဲ့ ဒေသခံတွေရှိနေ သလို ထောက်ခံနေကြတဲ့ ဒေသခံအချို့လည်းရှိနေပြန်တာတွေ့ရပါတယ်။ စီမံကိန်းကိုထောက်ခံတဲ့ ဒေသခံအချို့ကတော့ စီမံကိန်းဟာ ကျေးရွာဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနေတာ ကြောင့်ဆိုပြီး ထောက်ခံတဲ့အ ကြောင်း ပြောဆိုထားကြပါတယ်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့် ကွက်ထားကြတဲ့ဒေသခံတို့ တိုင် ကြားထားတဲ့တိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနက ပုသိမ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆီကနေတစ်ဆင့် ပြီးခဲ့တဲ့စက်တင်ဘာလ အတွင်းက အကြောင်းပြန်ကြားစာ တစ်စောင် ပြန်ကြားပေးခဲ့တာကို တွေ့ရပါတယ်။ အကြောင်းပြန်ကြား စာမှာ သတ္တုတွင်းအကြီးစား ခွင့်ပြုထုတ်လုပ်မိန့်အား ပယ်ဖျက်ပေးပါ ရန် တင်ပြလာကြောင်း၊ ဒေသခံ ငါးဦး၏ တင်ပြလာမှုနှင့်ပတ်သက်၍ စိစစ်သုံးသပ်တွေ့ရှိမှုမှာ ခွင့်ပြုမိန့်တွင်ပါရှိသော ထုံးကျောက်အစား အခြားအဖိုးတန် ဓာတ်သတ္တု ပစ္စည်းများဖြစ်သည့် ရွှေ၊ ကြွေထည်၊ သလင်းကျောက်များ တူးဖော်၍ ညအချိန် သယ်ဆောင်ခိုးယူခြင်း၊ ခွင့်ပြုဧရိယာ ကျော်လွန်ခြင်းနှင့် ပတ်သက်၍ တင်ပြလာမှုအပေါ် ကွင်းဆင်းအဖွဲ့များ၏ စစ်ဆေးတွေ့ရှိ ချက်အရ ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာနက ဓာတ်ခွဲစမ်းသပ်မှုအရ CaO 52.74%, MgO 1.15%, SiO2 1.71% တို့ ပါဝင်ပြီး အခြားအဖိုးတန် ရွှေနှင့်ဓာတ်သတ္တုများ ပါဝင်ခြင်း မရှိကြောင်းနှင့် သယ်ယူမှုများ မရှိကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ မရှိသေးသဖြင့် သတ်မှတ်ဧရိယာ ကျော်လွန်မှုမရှိကြောင်း၊ လူထု အပေါ် ကျန်းမာရေးထိခိုက်နိုင်မှုနှင့် ပတ်သက်၍ သတ္တုတွင်းဒီဇိုင်း (Mine Design) တွင် သတ်မှတ်ထားသည့် အကွာအဝေးမှာ မီတာ ၂၀၀ ကွာဝေးသဖြင့် ထုံးကျောက် လုပ်ကွက်နှင့် အောင်သပြေကျေးရွာမှာ မိုင်အားဖြင့် အနည်းဆုံး တစ်မိုင်ကွာဝေးသောကြောင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းနိုင်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေနိုင်ကြောင်း၊ ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် စီမံကိန်းမှာ အောင်သပြေကျေးရွာနှင့် နီးကပ်နေမှုနှင့် ပတ်သက်၍ အဆိုပါစက်ရုံ စီမံကိန်းမှာ စက်မှုဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် တည်ရှိသဖြင့် ဆက်လက်တည်ဆောက်ရန် သင့်၊ မသင့်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနဖြင့်သာ ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း စတဲ့အချက်လေးချက်နဲ့ အကြောင်း ပြန်ကြားခဲ့ပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြန်ကြားခဲ့တဲ့ အကြောင်းပြန်ကြားချက်နဲ့ ပတ်သက်ပြီး ပုသိမ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက  “သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက ဖြေကြားထားတာက အဓိကဖြစ်တဲ့ သတ္တုမိုင်းလုပ်ငန်းနဲ့ ပတ်သက်ပြီး သူက ဦးစားပေး ပြန်ဖြေကြားတာပေါ့။ ဝန်ကြီးဌာနအဖြေကို လေ့လာကြည့်ရသလောက်က သက်ဆိုင်ရာ ကုမ္ပဏီ၊ ဒေသခံတို့အကြား ညှိနှိုင်းဆွေးနွေး ဖြေရှင်းရင်အဆင်ပြေမယ်လို့ ပြန် ကြားထားတာတွေ့ရတယ်။ ဒါ ကြောင့် ကုမ္ပဏီနဲ့ဒေသခံတွေ အကြား ပြေလည်အောင်ညှိနှိုင်း ဆောင်ရွက်မယ်ဆိုရင် သယံဇာတ ဝန်ကြီးဌာနအဖြေက သင့်တော် တယ်လို့ထင်ပါတယ်။ စက်ရုံတည် ဆောက်မယ့်ကိစ္စက အောင်သပြေကျေးရွာနဲ့ နီးကပ်နေတဲ့အပေါ် သက်ဆိုင်ရာ စက်မှုဝန်ကြီးဌာနကို ဆက်ပြီးတော့ မေးမြန်းသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

စီမံကိန်းကို ကန့်ကွက်နေ ကြတဲ့ ဒေသခံတွေကတော့ အခြား အဖိုးတန်ဓာတ်သတ္တုတွေထွက်ရှိ နေတယ်လို့ အခိုင်အမာပြောဆို နေ ကြပြီး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ အနေနဲ့ အပေါ်ယံ ကျောက်သား နမူနာကိုသာ ရယူသွားပြီး စစ်ဆေး တာဖြစ်တဲ့အတွက် ထူးခြားမှု မရှိ နိုင်ကြောင်း၊ တန်ဖိုးရှိသည့် သတ္တု များမှာ မြေအောက် အနက်အတွင်း တည်ရှိနေပြီး တွင်းတူးစမ်းသပ်မှု များအရ အဖိုးတန်ဓာတ်သတ္တု များ တည်ရှိနေကြောင်းနှင့် ၎င်းတို့ မျက်မြင်တွေ့ရှိထားပြီး ဖြစ်ကြောင်းကို ဒေသခံတို့က ပြောဆိုထားကြပြန်ပါတယ်။ စီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်နေတဲ့ ဒေသခံတွေက လွှတ်တော်ကိုယ်စားလှယ် အပါအဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အစရှိတဲ့ အစိုးရဌာန ဆိုင်ရာတွေကို တိုင်ကြားမှုတွေ ပြုလုပ်ထားကြတာ ဖြစ်ပါတယ်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစီမံကိန်းနဲ့  ဒေသခံတို့စိုးရိမ်သောက

တစ်နေ့ တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းအတွက် ထုံးကျောက် ကုန်ကြမ်းထုတ်လုပ်မယ့် လုပ်ကွက်ဧရိယာဟာ မတ္တရာမြို့နယ်အတွင်းမှာ တည်ရှိနေပြီး ကုန်ချောထုတ်လုပ်မယ့် စက်ရုံနေရာဟာ ပုသိမ်ကြီးမြို့နယ် အတွင်းမှာ တည်ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အငြင်းပွားမှု ပြဿနာတွေဟာ ပုသိမ်ကြီးမြို့နယ် အတွင်းမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အဓိကပြဿနာဖြစ်နေတဲ့ စက်ရုံစီမံကိန်းဟာ ပုသိမ်ကြီးမြို့နယ် အတွင်းက အောင်သပြေကျေးရွာနဲ့ ကပ်လျက်တည်ရှိနေတာက စတယ် ဆိုရင် မမှားပါဘူး။ စက်ရုံတည် ဆောက်နေတဲ့မြေဧရိယာက ကျေးရွာနဲ့ခြံစည်းရိုးသာကွာခြားနေတာကြောင့် ဒေသခံတွေဟာ ကျောက်မီးသွေးလောင်စာစွမ်းအင်ကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းထိ ခိုက်မှာနဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်လာပြီး လူမှုစီးပွားဘဝတွေ ထိ ခိုက်မှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။ စီမံကိန်းဘက်ကတော့ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် ထိခိုက်မှုမရှိအောင် လုပ်ဆောင်ထားပြီးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိအချိန်မှာတော့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ် မြေစက်ရုံစီမံကိန်းကို ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့မှု၊ စီမံကိန်းသွားရာလမ်း ဖြစ်တဲ့ ကျေးရွာချင်းဆက်လမ်း ပေါ်မှာ ကျူးကျော်ဝင်းခြံခတ်မှု၊ လမ်းတားဆီးပိတ်ဆို့မှု စတဲ့ အမှုတွေနဲ့ စီမံကိန်းကိုကန့်ကွက်နေကြတဲ့ဒေသခံတွေဟာ အမှုရင်ဆိုင် နေကြရပါတယ်။ ကျေးရွာချင်းဆက် လမ်းပေါ်မှာ ကျူးကျော်လို့ဆိုပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦး အပါအဝင် ဒေသခံ တောင်သူလေးဦးကို လမ်းတားဥပဒေပုဒ်မ ၂၂၊ ၂၃ နဲ့အမှုဖွင့်ထားပြီး တောင်သူသုံးဦး ဖမ်းဆီးခံထား ရပါတယ်။ လက်ရှိအချိန်အထိ ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ စီမံကိန်းကို ကန့်ကွက်နေကြတဲ့ တောင်သူတွေထဲက တောင်သူ ၂၀ ဝန်းကျင် အမှုရင်ဆိုင် နေကြရပါတယ်။ လမ်းမြေပေါ်ကျူးကျော် ခြံခတ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ တောင်သူတွေကတော့ သူတို့အနေနဲ့ ကျူးကျော်ခဲ့ခြင်း မရှိတဲ့အပြင် လမ်းဖောက်လုပ်မှုအတွက် သူတို့ရဲ့ယာမြေတွေထဲကပါ အနည်းငယ်ပေးထားတယ်လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် ကျေးလက်လမ်းဟာ ဒေသခံတောင်သူတွေ ကိုယ်ထူကိုယ်ထ အနေနဲ့ ဖောက်လုပ်ထားခဲ့တဲ့ လမ်းဖြစ်ပြီး ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ရောက်ရှိလာချိန်မှသာ ယခုလိုပြဿနာတွေ စတင်ဖြစ်လာတာလို စွပ်စွဲပြောဆို ထားကြပါတယ်။ ဒါ့ပြင် ကျေးရွာလမ်း တိုးချဲ့ရာမှာ တန်ဖိုးရှိကျွန်းပင်တွေကို ကုမ္ပဏီဘက်က ခုတ်လှဲပြီး ကျေးရွာဆိုင်းဘုတ်ကို ဖျက်ဆီးပစ်ခဲ့တယ်ဆိုပြီး ဒေသခံတွေက ကုမ္ပဏီဘက်ကို ပြန်လည်အမှုဖွင့် ထားကြပါတယ်။

တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းနဲ့ပတ်သက်ပြီး ကုမ္ပဏီနဲ့ ဒေသခံတို့ အကြားမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿနာတွေ၊ လမ်းမြေပေါ် ကျူးကျော်တယ်ဆိုပြီး အစိုးရဘက်က ဒေသခံတွေအပေါ် တရားစွဲဆိုထားမှုတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေး လုပ်ဆောင်မှု အားနည်းခဲ့တာကြောင့် ဖြစ်တယ်လို့ ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ထောက်ပြပြောကြား ခဲ့ပါတယ်။

“သက်ဆိုင်ရာ အစိုးရအဖွဲ့ကတော့ ဒီစီမံကိန်းကို အကောင်အထည် ဖော်ချင်နေတယ်ဆိုတာ သိရပါတယ်။ ကျွန်တော်တို့ဘက်က ကြည့်ရမယ်ဆိုရင် စက်ရုံကြီး တည်ဆောက်မယ်။ မဖြစ်မနေ ဒီလမ်းမကြီး တိုးချဲ့ရမယ်ဆိုရင် လမ်းဘေးဝဲယာမှာရှိတဲ့ ဥယျာဉ်ခြံမြေ စိုက်ပျိုးလုပ်ကိုင် စားသောက်နေကြတဲ့ တောင်သူတွေနဲ့ ညှိနှိုင်းရ မယ်။ လယ်ယာမြေ ဥပဒေမှာလည်း သင့်တော်တဲ့လျော်ကြေး နစ်နာကြေးတွေ ပေးရမယ်လို့ ပြဋ္ဌာန်းထားတာတွေ ရှိပြီးသား။ မဖြစ်မနေ လမ်းတိုးချဲ့မယ်ဆိုရင် အဆင့်ဆင့်သော လုပ်ထုံးလုပ်နည်းတွေကို လုပ်ဆောင်ပြီးမှသာလျှင် သည်လမ်းတိုးချဲ့ခြင်းကို ဆောင်ရွက်ရမှာ။ အဲဒီလို အကျေအလည် ညှိနှိုင်းမှု မရှိဘဲနဲ့ လိုအပ်တဲ့လမ်း ပေ ၅၀ အကျယ်ကို တိုးချဲ့နေတာဆိုတော့ ဥယျာဉ်ခြံမြေသမားတွေက ဒါတွေကို ကန့်ကွက်နေကြတာဖြစ်တယ်။ ဒါကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကနေ အကျေအလည် ညှိနှိုင်းဆွေးနွေးပြီးမှ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။ လက်ရှိမြေပြင် အနေအထားမှာ ကျွန်တော် သိထားသလောက်ဆိုရင် ဘာမှညှိနှိုင်းဆွေးနွေးမှု မရှိဘူး။ သက်ဆိုင်ရာ မြေယာပိုင်ရှင် ဖြစ်သူတွေနဲ့။ တောင်သူတွေက သူတို့မြေကိုသူတို့ ခြံစည်းရိုးခတ်တာကို အဲဒါဟာ လမ်းမကြီးပေါ် ကျူးတယ်ဆိုပြီး တရားစွဲခံရတာတွေ ဖြစ်လာတယ်။ မြေပြင်မှာ ဖြစ်ပေါ်နေတာနဲ့ သက်ဆိုင်ရာ အစိုးရက သိရှိထားတာနဲ့ ကွဲလွဲမှုတွေ ရှိနေတယ်။ အဲဒီလို ညှိနှိုင်းဆွေးနွေးမှုတွေ အားနည်းတာကြောင့် ပြဿနာ ဖြစ်လာပြီးတော့ အမှုတွေလည်း တိုးလာတာပေါ့။ ကျွန်တော်တို့ကတော့ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်မှာ လိုအပ်နေတဲ့ ကုန်ထုတ်လုပ်ငန်းတွေ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်တာကို မူအားဖြင့်တော့ သဘောတူပါတယ်။ သို့သော် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ၊ ကျောက်မိုင်း ထုတ်လုပ်မယ့်နေရာနဲ့ နီးကပ်နေတဲ့ အောင်သပြေကျေးရွာအတွက် သက်ဆိုင်ရာ အဆင့်ဆင့်သော အစိုးရအဖွဲ့အစည်းတွေက သူတို့အတွက် ဘယ်လိုတာဝန်ယူပြီး ဘယ်လိုတာဝန်ခံကြမလဲ ဆိုတာကိုတော့ ဆက်လက် မေးမြန်းသွားရမှာပေါ့။ အားလုံးအတွက် ရေရှည်ဖွံ့ဖြိုးရေးကိုလည်း ဦးစားပေးရမှာဖြစ်သလို နောက်တစ်ခုက စက်ရုံစီမံကိန်းနဲ့ ကျောက်မီးသွေးအန္တရာယ်နဲ့ အရမ်းနီးကပ်နေတဲ့ အောင်သပြေကျေးရွာ အတွက်ကိုလည်း နိုင်ငံတော်က အဆင့်ဆင့်သော အဖွဲ့အစည်းတွေက ထည့်သွင်းစဉ်းစားသင့်တာပေါ့။ အခု မြေပြင်မှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေဟာ စက်ရုံစီမံကိန်းနဲ့ ဒေသခံတွေ၊ သက်ဆိုင်ရာ အဆင့်ဆင့် အစိုးရဌာနဆိုင်ရာတွေနဲ့ အကျေအလည် ညှိနှိုင်းဆွေးနွေးခဲ့မယ်ဆိုရင် ဒီလောက်အထိ ဖြစ်လာစရာ အကြောင်းမရှိဘူး။ အခုဟာက အဲဒီလို ညှိနှိုင်းဆွေးနွေးခဲ့တာတွေ မရှိခဲ့တာကြောင့် အခုလိုတွေ ဖြစ်နေကြတာပေါ့” လို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ထောက်ပြပြောဆို ခဲ့ပါတယ်။

ပုသိမ်ကြီးမြို့နယ်မှာ တည်ဆောက်နေတဲ့ တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြီးခဲ့တဲ့ ဇွန်လအတွင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒုတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စီမံကိန်းကို ကန့်ကွက်နေသူများဟာ လူအနည်းငယ်သာဖြစ်ပြီး ထောက်ခံထားသူ အများအပြားရှိကြောင်း၊ ကန့်ကွက်နေသည့် ဒေသခံများကို နောက်ကွယ်မ ှစေခိုင်းနေမှုများ ရှိနေတယ်လို့ ပြောကြားထားပါတယ်။

“မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကုမ္ပဏီဟာ MIC ခွင့်ပြုမိန့်ကျပြီးသား။ သူက ဒေသခံ ၅၀၀ ကျော်ကို အလုပ်အကိုင်တွေ ပေးထားတယ်။ ဒါပေမဲ့ ဆန္ဒပြနေကြတယ်။ သူတို့ ဆန္ဒပြနေတဲ့ အကြောင်းအရင်းကလည်း ဘာမှမလုံလောက်ဘူး။ နောက်ကအဖွဲ့က မြှောက်ပေးနေလို့ ဖြစ်နေတာ။ ဒါဟာ အပွင့်လင်းဆုံး ကျွန်တော်ပြောတာ။ ဒီဟာနဲ့ ပတ်သက်ပြီး အလုပ်မလုပ်ရလို့ ဒေသခံတွေနဲ့ သံဃာတော်တွေ အပါအဝင် အမြန်ဆုံး ဖြေရှင်းပေးဖို့ ကျွန်တော့်ဆီကို စာတွေတင်ထားတယ်။ ဒါတွေကို ကျွန်တော် ဖြေရှင်းသွားရဦးမယ်။ ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ရင်းနှီးမြှုပ်နှံမှုတွေ လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေရှိမှ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာ။ ကျွန်တော်တို့ဟာ စီမံကိန်းတွေကို အလွယ်တကူ မပေးပါဘူး။ နိုင်ငံတော်အတွက် အခွန်အခရရမယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ရပါမယ်။ ဒါကြောင့် အကုန်လုံးကို စစ်ဆေးစိစစ်ပြီးမှာသာ ပေးတာ ဖြစ်ပါတယ်။ မြင့်ကုမ္ပဏီနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် MIC ကလည်း ခွင့်ပြုမိန့်ကျပြီးသား၊ ရွာသားတွေကလည်း အလုပ်အကိုင် အခွင့်အလမ်းရနေပြီ။ ဒါကို လမ်းဖောက်တာ အကြောင်းပြုပြီး ကန့်ကွက်နေကြတာ။ စက်ရုံစီမံကိန်းကိုလည်း နယ်လုံဝန်ကြီးကိုယ်တိုင် ကွင်းဆင်း စစ်ပြီးသား။ သက်သေအထောက်အထားတွေလည်း ရှိပြီးသားပါ။

စီမံကိန်းကို လူ ၅၀၀၀ ကျော် ထောက်ခံထားတဲ့ လက်မှတ်တွေရှိ ပြီးသားပါ။ ကန့်ကွက်နေတဲ့သူတွေက ၅၀ တောင်မှ မပြည့်ပါဘူး။ ကန့်ကွက်နေတိုင်း မှန်တယ်လို့ ခင်ဗျားတို့ ယူဆလား။ ဒါနဲ့ပတ်သက်ပြီး အမှန်တရား ဖော်ထုတ်ပေးဖို့ ခင်ဗျားတို့မှာလည်း တာဝန်ရှိတယ်။ နယ်မြေကွင်းဆင်ပြီး မေးပေးကြပါ။ ကန့်ကွက်နေသူတွေက မှန်သလားဆိုတာ။ နောက်တစ်ခုက MIC က ခွင့်ပြုပေးထားပြီးသားကို ကျွန်တော်တို့ အစိုးရက ကာကွယ်ပေးရပါတယ်” လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က စီမံကိန်းနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောကြားထားတာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြားချက်အချို့နဲ့ ပတ်သက်ပြီး စီမံကိန်းကို ကန့်ကွက်နေကြတဲ့ ဒေသခံတွေက မြေပြင်မှာ လက်ရှိဖြစ်ပျက်နေတာတွေနဲ့ ကွဲလွဲမှုတွေ ရှိနေတာကြောင့် ကန့်ကွက်ခဲ့ကြပါတယ်။ ၎င်းတို့ ဒေသခံများကို မည်သည့်အဖွဲ့အစည်းကမှ မြှောက်ပင့်ပေးနေခြင်း မဟုတ်ဘဲ စက်ရုံစီမံကိန်းဟာ ကျေးရွာအနီးမှာ တည်ဆောက်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ ကျန်းမာရေး  ထိခိုက်မှုတွေ ရှိလာနိုင်တာကို စိုးရိမ်တဲ့အတွက် ကန့်ကွက်နေကြတာ ဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ကျေးလက်လမ်း ဖောက်လုပ်မှုမှာလည်း ဒေသခံများ ယာမြေတွေထဲက ယာမြေအချို့ လမ်းဖောက်လုပ်ရာမှာ ပါဝင်သွားတဲ့အတွက်  နစ်နာမှုတွေရှိနေတဲ့ ဒေသခံတွေနဲ့ ညှိနှိုင်းဆွေးနွေးမှု မရှိခဲ့တာကြောင့် ကန့်ကွက်နေခြင်းသာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ကြပါတယ်။ 

ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းဟာ အရင်အစိုးရ လက်ထက်က ချထားပေးခဲ့တဲ့ စီမံကိန်း ဆိုပေမဲ့ လက်ရှိအစိုးရမှာလည်း တာဝန်ရှိနေပါတယ်။ အရင် အစိုးရလက်ထက်က ချထားပေးခဲ့တဲ့ စီမံကိန်းဟာ ပြည်သူကရွေးကောက် တင်မြှောက်ထားတဲ့ လက်ရှိ အရပ်သား အစိုးရ လက်ထက်မှာ လုပ်ငန်းတွေကို စတင်အကောင်အထည် ဖော်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စီမံကိန်းကို ထောက်ခံထားသူ အများအပြား ရှိတယ်လို့ ပြောဆိုထားပေမယ့် အသုံးပြုမယ့်လောင်စာ စွမ်းအင်က ကျောက်မီးသွေးစွမ်းအင်ကို အသုံးပြုမှာ ဖြစ်တာကြောင့် နောက်ဆက်တွဲအနေနဲ့ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုနဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်ပေါ်လာစေဖို့အတွက် သတိပြုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တည်ဆောက်နေတဲ့ စက်ရုံဟာ ဒေသခံရွာသားတွေ နေထိုင်တဲ့  ကျေးရွာအနီးမှာ ကပ်လျက်တည်ဆောက်နေတာကြောင့်  ဝေဖန်ကန့်ကွက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ တည်ဆောက်နေတဲ့စက်ရုံဟာ လူနေထိုင်ရာကျေးရွာနဲ့ ခြံစည်းရိုးသာ ခြားနားနေတာကြောင့် သက်ဆိုင်ရာ ဥပဒေပါ ပြ ဋ္ဌာန်းချက်တွေနဲ့ ညီ၊ မညီ ဆိုတာကို နှစ်ဖက်ရေရှည် အကျိုးစီးပွားအတွက်  ပြန်လည်သုံးသပ်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။

လက်ရှိအချိန်မှာ စီမံကိန်းနဲ့ ပတ်သက်ပြီး ကုမ္ပဏီနဲ့ဒေသခံတို့ အကြားမှာ အငြင်းပွားမှုတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က စီမံကိန်း သွားရာလမ်းဖြစ်တဲ့ အောင်သပြေ-သရက်ကိုင်း ကျေးရွာချင်းဆက် မြေသားလမ်းကို  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့  ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ပေ ၅၀ အကျယ်တိုးချဲ့ခင်းရာမှာ ဒေသခံတွေက ကျိန်စာတိုက် ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြပြီး ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြန်ပါတယ်။ ကျေးရွာချင်းဆက်လမ်း တိုးချဲ့ဖောက်လုပ်မှုအတွက် ကုန်ကျစရိတ်တွေကို မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီက လှူဒါန်းထားတာ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

“တောင်သူတွေကတော့ ကိုယ့်ယာမြေအပေါ်မှာ လမ်းတိုးချဲ့ဖောက်လုပ်တဲ့အပေါ် ကျေနပ်မှုမရှိကြဘူး။ ကန့်ကွက်နေကြတယ်။ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကိုလည်း ကန့်ကွက်နေကြပါတယ်။ ဒီစီမံကိန်းရောက်လာမှ ကျွန်တော်တို့မှာ ရွာသားအချင်းချင်း၊ ဆွေမျိုးအချင်းချင်း၊ မိသားစုအချင်းချင်း စိတ်သဘောထားတွေ ကွဲကုန်ကြပါပြီ။ စီမံကိန်းဟာ ကျွန်တော်တို့ရွာအနားမှာ လာပြီးတည်ဆောက်နေတာ ဖြစ်တာကြောင့် ဖျက်သိမ်းပေးဖို့ နေပြည်တော်ကို တိုင်ကြားထားတယ်” လို့ အောင်သပြေကျေးရွာက ဒေသခံတောင်သူ ဦးရွှေအုန်းက ဆိုပါတယ်။

စီမံကိန်းက ဒေသဖွံ့ဖြိုးမှုအတွက် ဘာတွေမျှော်လင့်နိုင်မလဲ

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြားခဲ့သလို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုတွေ များစွာလိုအပ်တာ အမှန်ပင် ဖြစ်ပါတယ်။ နိုင်ငံသားနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရှိမှာသာ တိုင်းပြည်အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ လိုအပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံ ယေဘုယျကျတဲ့ အချက်တွေသာ ဖြစ်ပါတယ်။ သို့သော် ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ ဝင်ရောက်လာမယ့် စီမံကိန်းတွေဟာ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းဒေသကြီးနဲ့ နိုင်ငံတော်အတွက် အဓိက အကျိုးဖြစ်ထွန်းစေဖို့ လိုအပ်သလို အမှန်တကယ် အကျိုးပြုနိုင်ဖို့ အဓိကဖြစ်ပါတယ်။

တစ်ရက် တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းဟာ လူမှုစီးပွားဘဝ ထိခိုက်မှု အနည်းဆုံး၊  သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး၊  ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်နိုင်မှု မရှိတာ စတဲ့ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်နဲ့ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတို့အတွက် ဆောင်ရွက်သင့်တာ အမှန်ဖြစ်ပါတယ်။ သို့သော် အဆိုပါ အချက်တွေနဲ့ ပြောင်းပြန်အချိုးကျနေမယ် ဆိုရင်တော့ ခွင့်ပြုခဲ့တဲ့ အစိုးရတွေရဲ့ တာဝန်၊ သက်ဆိုင်ရာ စီမံကိန်း အကောင်ထည် ဖော်သူတွေရဲ့ တာဝန်ဖြစ်တဲ့အပြင် ဒေသအပါအဝင် နိုင်ငံအတွက်ပါ ထိခိုက်ဆုံးရှုံး နစ်နာမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံတွေ စိုးရိမ်နေကြတဲ့ စီမံကိန်းဟာ ဘာလဲ၊ ဘယ်လဲဆိုတာ  စောင့်ကြည့်သွားရမယ့် အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။