မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် တောင်ကိုရီးယားအစိုးရအဖွဲ့က စဉ်းစားနေစဉ်အတွင်း တရုတ်နှင့် ရုရှားနိုင်ငံတို့ကလည်း သင့်တော်သော အချိန်အခါတစ်ခုတွင် ပြုံယမ်းအပေါ် စီးပွားရေး ပိတ်ဆို့မှုများအား ကုလသမဂ္ဂဘက်မှ ဖြေလျှော့ပေးရေးကို အလိုရှိနေခဲ့ကြသည်။
မြောက်ကိုရီးယားသည် ၎င်း၏နျူလက်နက်အစီအစဉ်များကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ခံနေရကာ ပိတ်ဆို့မှုများကို ဖြေလျှော့ပေးစေလိုပါက မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်ရေးစခန်းများကို ရပ်ဆိုင်းပစ်ရမည်ဟု ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အဖန်တလဲလဲ တောင်းဆိုခဲ့သည်။
မော်စကိုမြို့၌ ကျင်းပခဲ့သော သုံးပွင့်ဆိုင် ဆွေးနွေးပွဲအတွင်း မြောက်ကိုရီးယား၊ တရုတ်နှင့် ရုရှားနိုင်ငံတို့မှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို သင့်တော်သော အချိန်အခါတစ်ခုတွင် ညှိနှိုင်း ဖြေလျှော့ခြင်းလုပ်ဆောင်ရန် လိုအပ်သည်ကို သဘောတူခဲ့ကြကြောင်း အောက်တိုဘာ ၁၀ ရက်နှောင်းပိုင်းတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
တရုတ်သည် မြောက်ကိုရီးယား၏ အဓိကသံတမန်ရေး မိတ်ဖက်ဖြစ်နေသကဲ့သို့ ရုရှားသည်လည်း မြောက်ကိုရီးယားနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့်နိုင်ငံဖြစ်သည်။ ယင်းတို့နှင့် ၀ိရောဓိဖြစ်နေသည့် အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က မြောက်ကိုရီးယားနိုင်ငံ၏ စီးပွားရေးကို အကျပ်ကိုင်ရန်အတွက် ဦးစီးဦးဆောင် ကြိုးပမ်းခဲ့ပြီး ပြုံယမ်းဘက်မှ နျူလက်နက် အလုံးစုံဖျက်သိမ်းမှု မလုပ်ဆောင်မချင်း ပိတ်ဆို့ဒဏ်ခတ်မှုများသည်လည်း ဆက်ရှိနေလိမ့်မည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လတွင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက နိုင်ငံအပေါ်စီးပွားရေး ပိတ်ဆို့မှုများ မည်မျှပင်ကြာကြာဆက်ရှိနေကာမူ မြောက်ကိုရီးယားနိုင်ငံဘက်မှ ဦးစွာ နျူလက်နက်ဖျက်သိမ်းမှုကို လုပ်ဆောင်ရန် မရှိကြောင်း ကုလသမဂ္ဂကို ပြောကြားခဲ့သေးသည်။
အမေရိကန်မဟာမိတ်ဖြစ်သည့် တောင်ကိုရီးယားကမူ ပြုံယမ်းအပေါ်တစ်ဖက်သတ် လုပ်ဆောင်ထားသည့် ၎င်း၏ပိတ်ဆို့မှုများ အားဖြေလျှော့ရန် စဉ်းစားနေသည်။ တောင်ကိုရီးယား၏ ငြိမ်းချမ်းရေးချိုးငှက်ဟု တင်စားခံရသော သမ္မတမွန်းဂျေအင်းသည် မြောက်ကိုရီးယားခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားအား နျူဖျက်သိမ်းရေး လမ်းကြောင်းပေါ်သို့ တက်လှမ်းလာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုကြီးများ၊ နှစ်နိုင်ငံပူးပေါင်း လုပ်ဆောင်မည့် အစီအစဉ်များနှင့် မက်လုံးပေး ဆွဲခေါ်နေခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်လက မြောက်ကိုရီးယားနယ်စပ်မြို့ ကေဆောင်းတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးရုံးကို တောင်ကိုရီးယားက ဖွင့်လှစ်ပေးခဲ့ပြီး နှစ်နိုင်ငံကြား ကားလမ်းများနှင့် ရထားလမ်းများ ဖောက်လုပ်မည့် စီမံကိန်းများ လုပ်ဆောင်ရန်အတွက် သမ္မတမွန်းက ကတိပြုခဲ့သည်။
တောင်ကိုရီးယားစစ်င်္ဘောတစ်စီးအား မြောက်ကိုရီးယားက သင်္ဘောဖျက်လက်နက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် သင်္ဘောသား ၄၆ ဦး သေဆုံးသွားသည့်ဖြစ်ရပ်အတွက် တောင်ကိုရီးယားသည် မြောက်ကိုရီးယားနှင့် ကုန်သွယ်မှုများအားလုံးကို ၂၀၁၀ ပြည့်နှစ်တွင် ရပ်ဆိုင်းပစ်ခဲ့သည်။ မြောက်ကိုရီးယားကမူ ယင်းပစ်ခတ်တိုက်ခိုက်မှုကို မလုပ်ဆောင်ခဲ့ဟု ငြင်းဆိုထားခဲ့သည်။














